ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံ တက်ရောက်



နေပြည်တော် နိုဝင်ဘာ ၇ 


စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှီအန်းမြို့၌ ကျင်းပသော တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံသို့ တက်ရောက်ပြီး နဝမ အကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်စည်ပြပွဲသို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။


ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး က ယခုကျင်းပသည့် အခမ်းအနားသို့ အရှေ့ အလယ်ပိုင်းဒေသနှင့် အာဖရိကဒေသများမှ နိုင်ငံများ၊ အရှေ့တောင်အာရှမှ မြန်မာနိုင်ငံကို အဓိကထား ဖိတ်ကြားထားသည်ကို တွေ့မြင်ရပါကြောင်း၊ မိမိတို့နိုင်ငံတွင် အလားအလာကောင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများရှိပြီး တည်ဆောက်ပြီးဖြစ်သည့် ပိုက်လိုင်း Infrastructureများလည်း ရှိပါကြောင်း၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများလည်း အဆင့်မြှင့်တင်ရန်နှင့် ထပ်မံတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။


 ကမ္ဘာ့ဘဏ်မှ ဖြစ်နိုင်ခြေဆန်းစစ်အတည်ပြုထားပြီးဖြစ်သည့် ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်း ရှိပါကြောင်း၊ ယင်းအခြေခံကောင်းများကိုသိရှိစေလိုပြီး လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာ ရှိနေပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံဆွေးနွေးမှုများ၌ ပါဝင်ဆွေးနွေးရာတွင် “အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကဒေသနှင့် တရုတ်နိုင်ငံတို့အကြား ပေါင်းကူးဆက်သွယ်ပေးနိုင်မည့် ပထဝီအနေအထားအရ အချက်အခြာကျသည့် မြန်မာနိုင်ငံမှတစ်ဆင့် စီးပွားရေး အခွင့်အလမ်းတစ်ခုအား ဖန်တီးတည်ဆောက်ကြပါစို့  (Let’s Build a Bridge Between Middle-East, Africa & China)” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။

ညီလာခံအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နဝမအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်စည်ပြပွဲအား လေ့လာကြည့်ရှုကြကြောင်း သိရသည်။


သတင်းစဉ်



No comments

Powered by Blogger.