ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် သွားရောက်အလုပ်လုပ်ကိုင်စဉ် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်
ရန်ကုန် နိုဝင်ဘာ ၇
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲ ကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သော အခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးသည် သက်ဆိုင်ရာနိုင်ငံ သံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် သွားရောက် အလုပ်လုပ်ကိုင်စဉ် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မမေသင်္ကြန်အောင်အား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့် အလုပ်ရှင်၊ အေးဂျင့်များ၊ အလုပ်အကိုင် ရှာဖွေရေးစင်တာများနှင့် ညှိုနှိုင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူ မမေသင်္ကြန်အောင်သည် နိုဝင်ဘာ ၆ ရက်တွင် ဒူဘိုင်း - ချန်ဒူး - ဗန်ကောက် - ရန်ကုန် ခရီးစဉ်ဖြင့် ယနေ့ည ၉ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌အလုပ်လုပ်ကိုင်စဉ် အခက်အခဲ ကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့မှ ညှိနှိုင်းကူညီ ဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)
.jpg)
No comments