ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့
အလင်းရောင် (ထွန်း)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
နိုင်ငံ့ဝင်ငွေတိုးတက်ရရှိစေရေးအတွက် ရသင့်ရထိုက်သော အကောက်ခွန်နှင့် အခွန်အခများ ဆုံးရှုံးမှုမရှိစေရေး၊
ပြည်တွင်း တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်ထုတ်လုပ်မှု၊ ကုန်ရောင်းကုန်ဝယ်
ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ကိုင်ရာတွင် လွတ်လပ်စွာ ယှဉ်ပြိုင်လုပ်ကိုင်နိုင်စေရေးနှင့်
စားသုံးသူပြည်သူများအတွက် အာမခံချက်ရှိသော လုံခြုံဘေးကင်း စိတ်ချရသည့် ကုန်ပစ္စည်းများကို
သုံးစွဲခွင့်ရရှိနိုင်ရန်တို့အတွက် တရားမဝင်ကုန်သွယ်မှုများ လုံးဝပပျောက်ရေးကို ရည်မှန်းချက်ထား
ဆောင်ရွက်လျက်ရှိပါသည်။
တရားမဝင်ကုန်သွယ်မှုဆိုသည်မှာ
World Trade Organization (WTO) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးက
တရားမဝင်ကုန်သွယ်မှုကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “ နိုင်ငံတကာ ဥပဒေများအရ သတ်မှတ်ထားသည့်
တရားမဝင်ကုန်ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ပို့ဆောင် ခြင်း၊
ရွှေ့ပြောင်းခြင်း၊ လွှဲပြောင်းခြင်း၊ လက်ခံရရှိခြင်း၊ လက်ဝယ်ထားရှိခြင်း (သို့မဟုတ်)
ဖြန့်ဖြူးခြင်း နှင့် အဆိုပါဆောင်ရွက်ချက်များကို အားပေးရန် ရည်ရွယ်သည့် မည်သည့်လုပ်ဆောင်မှုကိုမဆို
တရား မဝင်ကုန်သွယ်မှု”ဟု ဖွင့်ဆိုထားပါသည်။
ကမ္ဘာ့နိုင်ငံများရှိ အစိုးရများအနေဖြင့်လည်း
မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ခြိမ်းခြောက်လာသည့် တရားမဝင်ကုန်သွယ်မှုများကို လုံးဝပပျောက်အောင်
တိုက်ဖျက်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် အထူးအာရုံစိုက် ဆောင်ရွက်လာကြသည်ကို လေ့လာတွေ့ရှိရပါသည်။ မည်သည့်နိုင်ငံတွင်မဆို နိုင်ငံ၏
ဈေးကွက်စီးပွားရေး စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်နှင့်
စားသုံးသူပြည်သူတို့က အဓိကနေရာမှ ပါဝင်လျက် ရှိပါသည်။
တရားမဝင်ကုန်သွယ်မှုများကို စနစ်တကျတားဆီးအရေးယူဆောင်ရွက်
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်ချက်များ
ဖြည့်ဆည်းဆောင်ရွက်ရာတွင် နိုင်ငံအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး
(MSMEs) လုပ်ငန်းများနှင့် စက်မှုဇုန်များက သွင်းကုန် အစားထိုးထုတ်ကုန်များ ပိုမိုထုတ်လုပ်ရန်၊
နိုင်ငံ့ဝင်ငွေနှင့် သုံးစွဲငွေမျှတရန်အတွက် ပို့ကုန်တင်ပို့မှု ပိုမိုအားကောင်းလာစေရန်နှင့်
ကုန်ကြမ်းပစ္စည်းများ တင်ပို့ခြင်းထက် စက်မှုထွက်ကုန် တစ်နည်းအားဖြင့် Supply
Chain မှ Value Added ကုန်ချောပစ္စည်း များ (တန်ဖိုးမြှင့်ထုတ်ကုန်များ) တင်ပို့ခြင်းဖြင့်
နိုင်ငံ့ ဝင်ငွေ ပိုမိုတိုးတက်ရရှိရေး ဆောင်ရွက်လျက်ရှိပါသည်။
ဖွံ့ဖြိုးပြီး ပြည်ပနိုင်ငံများတွင် စက်မှုထုတ် ကုန်ချောပစ္စည်းများကို
ဈေးကွက်လိုအပ်ချက်နှင့်အညီ အမြောက်အမြား ထုတ်လုပ်သည့်အတွက် ပစ္စည်းတစ်ခုချင်း၏ ကုန်ကျမှုတန်ဖိုးအနေဖြင့်
ပိုမိုသက်သာမှု ရှိသည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းထုတ်
ကုန်ချောပစ္စည်းများ ထုတ်လုပ်ရာတွင် အရည်အသွေးမြှင့်
ထုတ်လုပ်နိုင်မှု အားနည်းချက်၊ အရေအတွက် အမြောက်အမြား ထုတ်လုပ်နိုင်မှု ကန့်သတ်ချက်များရှိခဲ့ပါက
ပစ္စည်းတစ်ခုချင်း၏ ကုန်ကျစရိတ်တန်ဖိုး အနေဖြင့် ဈေးနှုန်းကြီးမြင့်ပြီး ပြည်ပမှ တရားမဝင်တင်သွင်းလာမှုများကို
ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ စက်မှုဇုန်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး
(MSMEs) လုပ်ငန်းများ၏ ကုန်ထုတ် လုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ရှိလာနိုင်ပေသည်။
ထို့ကြောင့် ပြည်တွင်းထုတ် ကုန်ချောပစ္စည်းများကို
ပြည်တွင်းသုံးအတွက်သာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် အရည်အသွေး တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့်
ပြည်ပမှ တရားမဝင် ကုန်ချောပစ္စည်းများ တင်သွင်းလာမှုကိုလည်း စနစ်တကျ တားဆီးစစ်ဆေးအရေးယူ
ဆောင်ရွက် သွားရမည် ဖြစ်ပါသည်။
အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ဆောင်ရွက်
တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံအတွက်ရရှိမည့်
အခွန်အခများဆုံးရှုံးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ
စာရင်းဇယားကိန်းဂဏန်း အချက်အလက်များ မှားယွင်းနိုင်ပြီး ဆုံးဖြတ်ချက်များ မှားယွင်းနိုင်ခြင်း၊
နိုင်ငံတော်ဘဏ်စနစ်နှင့် ငွေကြေးစီးဆင်းမှုစနစ် ထိခိုက်စေနိုင်ပြီး နိုင်ငံခြားငွေကြေးဈေးနှုန်း
မတည်ငြိမ်မှုဖြစ်ပေါ်နိုင်ခြင်း၊ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များကြောင့် ပြည်တွင်းကုန်စည်
ထုတ်လုပ်မှုများ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု ကျဆင်းလာနိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
လျော့နည်း ကျဆင်းစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြင်း၊ တရားမဝင်
တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများ၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများတွင်
အတုအပများ၊ သက်တမ်းလွန် ကုန်စည်များကြောင့် သုံးစွဲသူပြည်သူများ ထိခိုက်နစ်နာမှု ဖြစ်ပေါ်နိုင်ခြင်း
စသည့်ဆိုးကျိုးများအပြင် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် ကုန်ထုတ်လုပ်မှုနှင့်
ကုန်သွယ်မှုတို့ကို ထိခိုက်ကျဆင်းမှုများ ဖြစ်ပေါ်စေခြင်းကြောင့် တရားမဝင်ကုန်သွယ်မှုများကို
တိုက်ဖျက်ရေးဆောင်ရွက်ရာတွင် မိမိတို့ အားလုံးက “အမျိုးသားရေးတာဝန်” တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်
ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များနှင့်
အကောက်ခွန်ဦးစီးဌာနတို့အနေဖြင့်လည်း တရားမဝင် ကုန်သွယ်မှုများကို ချမှတ်ထားသော မဟာဗျူဟာ၊
နည်းဗျူဟာများနှင့်အညီ ထိရောက်စွာ တားဆီးစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
သတင်းအချက်အလက်ရယူရေး၏ အရေးကြီးသော
အခန်းကဏ္ဍ
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရာတွင်
သတင်းအချက်အလက်ရရှိရေးသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ သာဓကများအနေဖြင့်
သတင်းပေးတိုင်ကြားချက်အရ တိုင်းဒေသကြီး၊ ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များက
သဘာဝသယံဇာတများ တရားမဝင်တူးဖော်၍ သယ်ယူပို့ဆောင် ရောင်းဝယ်မှုများကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်း၊
သတင်းပေးတိုင်ကြားချက်အရ အကောက်ခွန်ဦးစီး ဌာနက ပြည်ပနိုင်ငံမှ ဝင်ရောက်လာသော လေယာဉ်
တွင် လိုက်ပါလာသည့် ခရီးသည်များကို စောင့်ကြည့် စိစစ်ရှာဖွေခဲ့ရာ ရွှေ ၊ ငွေ ၊ လက်ဝတ်ရတနာပစ္စည်း
များ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆက်စပ်ပစ္စည်း များ၊ အဖိုးတန်လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။
ဤကဲ့သို့ သတင်းပေးတိုင်ကြားမှုများကြောင့်
တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည့်အတွက် နိုင်ငံတော်က တာဝန်သိသတင်းပေးသူများကို
ထိုက်သင့် သော ဆုကြေးငွေများ မြန်မြန်ဆန်ဆန် ချီးမြှင့်ပေး ခဲ့ပြီး သတင်းကွန်ရက်တည်ဆောက်ထားရန်နှင့်
ရရှိလာသည့် သတင်းများကို အကျိုးရှိစွာအသုံးချ တားဆီးစစ်ဆေးအရေးယူကြရန် ဖြစ်ပါသည်။
ပြည်တွင်းရှိ သက်ဆိုင်ရာဌာနဆိုင်ရာ
အချင်းချင်း သတင်းဖလှယ်ပြီး ဖော်ထုတ်ဖမ်းဆီး နိုင်ခြင်းများသာမက အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့
(INTERPOL) ကဲ့သို့သော ပြည်ပရှိ နိုင်ငံတကာအဖွဲ့ အစည်းများနှင့်လည်း သတင်းဖလှယ်ပူးပေါင်း
ဆောင်ရွက်နိုင်ခြင်းကြောင့် တရားမဝင်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ ပိုမိုလုပ်ဆောင်နိုင်ခဲ့ပါသည်။
တရားမဝင်ကုန်သွယ်မှု လျော့နည်းပပျောက်စေရေးအတွက်
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို တာဝန်ရှိသက်ဆိုင်ရာဌာနအဖွဲ့ အစည်းများ
တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ကြသကဲ့သို့ တာဝန်သိ အများပြည်သူများအနေဖြင့်လည်း မိမိတို့ရရှိသော
သတင်းအချက်အလက်များ ကို သက်ဆိုင်ရာသို့ သတင်းပေးတိုင်ကြားခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်
ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။

No comments