နေပြည်တော်ကောင်စီနှင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး
နေပြည်တော်၊ နိုဝင်ဘာ ၇
နေပြည်တော်ကောင်စီနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း / အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးတိုးတက်မှုများ အကောင်အထည်ဖော်ရာတွင် အဟန့်အတားဖြစ်နိုင်ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာပြီး နိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေနိုင်ကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် (Good Government and Clean Governance , Corporate Governance) စနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှုဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာကို မိမိကိုယ်ကျိုးအတွက် အသုံးပြုခြင်း ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာများ သိရှိရန်လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေခံကောင်းများ တည်ဆောက်ရန်၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု မြင့်မားလာစေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတစ်ဝန်းလုံးတွင် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရန်အတွက် အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ တားဆီးကာကွယ်ရေးကဏ္ဍများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments