နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လေဆိပ်များနှင့် ကော့သောင်း ဆိပ်ကမ်း ကြည့်ရှုစစ်ဆေး



ရန်ကုန်၊ နိုဝင်ဘာ ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လေဆိပ်များနှင့် ကော့သောင်းဆိပ်ကမ်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ထားဝယ်လေဆိပ်၊ မြိတ်လေဆိပ်၊ ဘုတ်ပြင်းလေဆိပ်နှင့် ကော့သောင်းလေဆိပ်များသို့ ရောက်ရှိပြီး လေဆိပ် အလိုက် လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲနေမှု၊ လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် မြိတ်လေဆိပ်၊ ကော့သောင်းလေဆိပ်များတွင် ကုန်စည်လေယာဉ် ခရီးစဉ်များ ဆင်းသက်နိုင်ရန် လေယာဉ်ပြေးလမ်းနှင့် လေယာဉ်ရပ်နားနေရာများ တိုးချဲ့ တည်ဆောက်နိုင်မည့်အခြေအနေများကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်‌က ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မကြာမီခရီးသွားလာမှု များပြားသည့် ပွင့်လင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်၍  လေကြောင်းဖြင့် ခရီးသွားလာမှုများ တိုးတက်များပြားလာမည်ဖြစ်သည့်အတွက် လေဆိပ်အလိုက် လေယာဉ်များ အန္တရာယ် ကင်းရှင်းမှုရှိစေရေး လေယာဉ်ပြေးလမ်းများနှင့် လေယာဉ် ဆင်းသက်မှု အထောက်အကူပြု ပြေးလမ်းမီးများ၊ လေကြောင်းလမ်းညွှန် ကိရိယာများ၊ ပြေးလမ်းအမှတ်အသားများ ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ထားရန်၊ လေဆိပ် အဆောင်အဦးများကို သန့်ရှင်းသပ်ရပ်မှုရှိပြီး ခရီးသွားပြည်သူများ အဆင်ပြေစွာ ဝင်/ ထွက် သွားလာနိုင်ရေး အဆင့်အတန်းမီ ဝန်ဆောင်မှုပေးနိုင်သည့် လေဆိပ်များဖြစ်စေရေး တာဝန်ရှိသူ အဆင့်ဆင့်က အလေးထားကြပ်မတ်ဆောင်ရွက်ရန်၊ လေဆိပ်များ လုံခြုံရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လုံခြုံရေး ကျိုးပေါက်မှု ဖြစ်စဉ်များ မဖြစ်ပွားစေရေး လုံခြုံရေးအသိ၊ သတိရှိရှိဖြင့်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ လိုက်ပါလာသည့် တာဝန်ရှိသူများသည် ကော့သောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မဉ္ဇူသကခန်းမတွင် ကော့သောင်းမြို့၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက စားသောက်ဖွယ်ရာများ ပေးအပ်သည်။


မွန်းလွဲပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကော့သောင်းဆိပ်ကမ်းသို့ ရောက်ရှိရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၌ မြို့မဆိပ်ခံတံတား၊ ဘုရင့်နောင်ဆိပ်ခံတံတား၊ တော်ဝင်ကွန်ကရိ ဆိပ်ခံတံတားနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ကျောက်ထနောင်း ကွန်ကရိဆိပ်ခံတံတားများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ဝင်ငွေရှာဖွေပေးနေမှုအခြေအနေ၊ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးနည်းလမ်းဖြင့် ရန်ကုန် - ကော့သောင်း - ရနောင်းနှင့် ရနောင်း - ကော့သောင်း - ရန်ကုန် ခရီးစဉ်ဖြင့် ကမ်းရိုးတန်းသွား သင်္ဘောငယ်များ အသုံးပြု၍ ကုန်သေတ္တာစနစ်ဖြင့် ကုန်စည်များ တင်ပို့နေမှုများကို အသေးစိတ်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တော်ဝင်ဆိပ်ခံတံတားတွင် ဆိုက်ကပ် ထားသော MCL 4 ရေယာဉ်ပေါ်သို့ တက်ရောက်ကြည့်ရှုစစ်ဆေးပြီး တရားမဝင်ကုန်စည် ပါဝင်မှု မရှိစေရေးအလေးထားဆောင်ရွက်ရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေး ကြရန် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်


No comments

Powered by Blogger.