ရေခဲတောင်ခရီးစဉ်များ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် ခရီးသွား အေဂျင်စီများ အသင့်ပြင်ဆင်ထား



ရန်ကုန် ၊ နိုဝင်ဘာ ၅


ရေခဲတောင်တန်းများတည်ရှိရာ မြန်မာနိုင်ငံတွင် နှစ်စဉ် ကချင်ပြည်နယ်၊ ပူတာအိုမှတစ်ဆင့် ရေခဲတောင်များသို့ တောင်တက်ခရီးသွားများ ဝင်ရောက်လျက်ရှိရာ ယခုနှစ် ပွင့်လင်းရာသီ၌ ရေခဲတောင်ခရီးစဉ်များ ဖွင့်လှစ်ပြီဖြစ်၍ ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် ခရီးသွားအေဂျင်စီများ အသင့်ပြင်ဆင်ထားကြောင်း ပူတာအို ခရီးသွားအေဂျင်စီမှ သိရသည်။


မြန်မာပြည်မြောက်ဘက်စွန်း ပူတာအိုမြို့သို့ ရန်ကုန်မြို့မှ ၃ နာရီကျော်ကြာ လေကြောင်းခရီးစဉ်ဖြင့် သွားလာနိုင်ပြီး ကောင်းမူလုံစေတီတော်မြတ်၊ မလိခမြစ်အတွင်းမှ ရေလယ်နတ်ကျွန်းစေတီနှင့် ကျောက်ဖြာများ၊ တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုနှင့် ဒေသအစားအစာများ၊ မြို့မနံနက်ခင်းဈေးနှင့် ဂါးထုဈေးတို့ကို လေ့လာကြည့်ရှုနိုင်သော ဝန်ဆောင်မှုကို မြစ်ကြီးနားနှင့် ပူတာအိုမြို့ရှိ ခရီးသွား အေဂျင်စီများက ဝန်ဆောင်မှုပေးလျက်ရှိသည်။


“ပွင့်လင်းရာသီမှာခရီးသွားစနေပါပြီ။ နယ်မြေအခြေအနေကြောင့် အင်းတော်ကြီးကန်ဒေသကို သွားတာ မရှိပေမယ့် မြစ်ကြီးနားဝန်းကျင်နဲ့ ပူတာအိုရေခဲတောင် ခရီးစဉ်တွေတော့ အစပျိုးနေပါပြီ။ ပူတာအိုမှာ ခရီးသွားအေဂျင်စီ လေးခုရှိတဲ့အတွက် ရေခဲတောင်ခရီးစဉ်တွေကို ဝန်ဆောင်မှုပေးနေပါတယ်။ ပွင့်လင်း ရာသီမှာ ဒေသခံတွေ အဓိကအားထားတဲ့ စီးပွားရေးလုပ်ငန်းဟာ ရေခဲတောင်တက် ခရီးသွား ဝန်ဆောင်မှုဖြစ်ပါတယ်” ဟု ဟိုတည်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခိုင်ဦးက ပြောသည်။


ပွင့်လင်းရာသီရောက်ရှိချိန်၌ ပူတာအိုမြို့တွင် လေ့လာလည်ပတ်သည့် ခရီးသွားများနှင့် ရေခဲတောင် တက်ခရီးသွားများဖြင့် စည်ကားလေ့ရှိပြီး ယခုရာသီ၌ ကုန်ပစ္စည်းဈေးနှုန်းတိုးမြင့်လာမှုနှင့် သွားလာရေး အခက်အခဲအချို့ကြောင့် ယခင်ကထက် ခရီးသွားနည်းသော်လည်း ခရီးသွားအချို့ဝင်ရောက်မှုဖြင့် ဒေသခံလမ်းပြများနှင့် အထမ်းသမားများ အလုပ်အကိုင်အခွင့်အလမ်း အသက်ဝင်လျက်ရှိသည်။


“ဒီနှစ်ရေခဲတောင်ခရီးသွားရာသီမှာ မနှစ်ကထက် ခရီးသွားနည်းနိုင်ပါတယ်။ လေယာဉ်စရိတ်အပါအဝင် အားလုံးအခက်အခဲကြောင့်ပါ။ မရောက်ရောက်အောင်လာချင်တဲ့ ခရီးသွားတွေအနေနဲ့ ဒီလိုရာသီမှာ မဖြစ်ဖြစ်အောက်လာလည်ကြတာရှိပါတယ်။ ကျွန်တော်တို့ အေဂျင်စီတွေအနေနဲ့ ခရီးသွားရာသီမှာ ဝန်ဆောင်မှုအပြည့်အဝပေးနိုင်အောင် အားလုံးကြိုတင်ပြင်ဆင်ထားကြပါတယ်”ဟု ပူတာအိုခရီးသွား အေဂျင်စီမှ ဦးယောဆက်က ပြောသည်။


ယခုလို ရေခဲတောင်တက် ခရီးစဉ်စတင်ချိန်တွင် ပထမဆုံးအကြိမ် တောင်တက်ခရီးသွားများအတွက် ၁၀ ရက်ခရီးစဉ်ဖြစ်သည့် ဖုန်ကန်ရာဇီရေခဲတောင်သို့လည်းကောင်း၊  ၁၂ ရက်ခရီးစဉ်ဖြစ်သည့် ဖုန်ရင်ရာဇီ တောင်သို့လည်းကောင်း ခရီးသွားအေဂျင်စီများက အကြံပြုပို့ဆောင်ပေးလေ့ရှိသည်။ ထိုသို့ ဝန်ဆောင်မှု ပေးနိုင်ရန်  ဆန်၊ ဆီ၊ ဆား၊ ကုန်ခြောက်မျိုးစုံနှင့် အခြားလိုအပ်ချက်တို့ကို ကြိုတင်ဝယ်ယူ ပြင်ဆင်ခြင်း၊ အထမ်းသမားနှင့် လမ်းပြများ ကြိုတင်စုဆောင်းခြင်းတို့ဖြင့် ရေခဲတောင်တက်ခရီးသွားများ အန္တရာယ် ကင်းရှင်းစွာ ပို့ဆောင်နိုင်ရန် ကြိုတင်ပြင်ဆင်လေ့ရှိပြီး နိုဝင်ဘာလမှ ဧပြီလကုန်ပိုင်းအထိ မြန်မာပြည် မြောက်ဖျားမှ ရေခဲတောင်များ၏ သဘာဝအလှနှင့် ရေခဲတောင်တက်ခြင်း အတွေ့အကြုံတို့ကို နှစ်စဉ် ခရီးသွားများ ခံစားကြလေ့ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ပူတာအိုခရီးသွားအေဂျင်စီ
သစ္စာ(
MNA)

No comments

Powered by Blogger.