မုန့်ဖုတ်နည်း အခြေခံသင်တန်း အမှတ်စဉ်(၁၁)သင်တန်းတွင် နိုင်ငံတကာ မုန့်ဖုတ်နည်း အမျိုးအစား (၄၈) မျိုးကို သင်ကြားပို့ချပေးသွားမည်



နေပြည်တော်   နိုဝင်ဘာ   ၅


မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ဒုတိယမြောက်စီမံကိန်းအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်  The Establishment of Bakery & Pastry Training စီမံကိန်း၏ မုန့်ဖုတ်နည်း ဆရာဖြစ် သင်တန်း အမှတ်စဉ်(၅)သင်တန်းဆင်းပွဲနှင့် မုန့်ဖုတ်နည်း အခြေခံသင်တန်းအမှတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(CTD)၌ ကျင်းပသည်။


အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ယခုသင်တန်းများကို အာဆီယံစံနှုန်းများနှင့်အညီ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပြီး နိုင်ငံတကာ မုန့်ဖုတ်နည်း အမျိုးအစား(၄၈)မျိုးကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖွင့်လှစ်ပို့ချ ပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုကဏ္ဍအတွင်းရှိ လုပ်သားထု၏ လုပ်ငန်းစွမ်း ဆောင်ရည်များ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအား ကောင်းမွန်သောဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ကျွမ်းကျင်အဆင့် ဝန်ထမ်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မုန့်ဖုတ်နည်း ဆရာဖြစ်သင်တန်း အမှတ်စဉ်(၅) သင်တန်း သားများကို သင်တန်းဆင်းအောင်လက်မှတ်များအား ပေးအပ်ချီးမြှင့်ပြီး သင်တန်းပို့ချနေမှုများနှင့် လက်တွေ့မုန့်ဖုတ်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ စစ်မှုထမ်း ဟောင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

(သတင်းစဉ်)

No comments

Powered by Blogger.