ပြည်သူ့ဆေးရုံများဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ



နေပြည်တော်    နိုဝင်ဘာ   ၅


ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက ကျင်းပသည့် Hospital Development Symposium (ပြည်သူ့ဆေးရုံများဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။


ဉီးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ  တိုးတက်ကောင်းမွန်ရေး အစဉ်အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုအတွင်း ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊ ပုံမှန် ကာကွယ်ဆေးထိုးဆေးတိုက်လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိသလို ရောဂါများ ဖြစ်ပွားလာပါကလည်း အချိန်မီ ထိရောက်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ရေး အတွက် ပြည်သူ့ဆေးရုံများကို စွမ်းအားပြည့် လုပ်ငန်းလည်ပတ်နိုင်ရေး စီမံဆောင် ရွက်လျက်ရှိပါကြောင်း။


အထူးသဖြင့် ကင်ဆာရောဂါကုသမှုလုပ်ငန်းနှင့်ပတ်သက်၍ ဓာတ်ရောင်ခြည်ကုထုံးများဖြင့် ကုသမှု ပေးနိုင်ရန်အတွက် လိုအပ်သော ကင်ဆာဓာတ်ရောင်ခြည် စက်ကြီးများအား နိုင်ငံတော် အစီအစဉ်ဖြင့် တိုးမြှင့်တပ်ဆင်ပေးလျက်ရှိရာ မကြာမီလုပ်ငန်းများ စတင်ဆောင် ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းအသစ်များအား တိုးချဲ့ တပ်ဆင်နိုင်ရေး၊ ဆေးရုံအဆောက်အဦများ တိုးချဲ့တည်ဆောက်နိုင်ရေး၊ ဆေးဝါးများ၊ ရောဂါ ရှာဖွေရေး လုပ်ငန်းများ တိုးမြှင့်ထောက်ပံ့နိုင်ရေး စသည်တို့အတွက် နှစ်စဉ် နိုင်ငံတော်မှ ရန်ပုံငွေများ တိုးမြှင့်ချထားပေးလျက် ရှိပါကြောင်း။


ပြည်သူ့ဆေးရုံများအနေဖြင့် လူနာများကုန်ကျစရိတ်နည်းပါးစွာဖြင့် ဆေးကုသမှုခံယူနိုင်ရေး၊ နိုင်ငံတော်မှခွဲဝေချထားပေးသော ရန်ပုံငွေများကို ပြည်သူလူထုအတွက် အကျိုးရှိစွာသုံးစွဲရေး၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများအား တိုးမြင့်ဆောင်ရွက်နိုင်ရေး၊ လူနာများ ဘေးကင်း လုံခြုံရေးနှင့် စိတ်ကျေနပ်မှုရရှိစေရေး၊ ပြည်သူ့အတွက် ပြည့်သူ့ဆေးရုံများ ဖြစ်လာစေရေး နည်းလမ်းပေါင်းစုံဖြင့် ကြံဆဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။


အဆိုပါ Hospital Development Symposium (ပြည်သူ့ဆေးရုံများ ဖွံ့ဖြိုးတိုးတက် ရေးဆွေးနွေးပွဲ)  ကို နိုဝင်ဘာ ၅ မှ ၈ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။


အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကုသရေးဦးစီးဌာနများမှ ဖိတ်ကြားထားသူများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.