ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တောင်သူများအား ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်




 နေပြည်တော် နိုဝင်ဘာ ၆


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်  ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ဘဲကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၆၂၃ ကွင်း ယာယီရှင်းလင်းဆောင်၌  ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်သည်။


အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများတွင် ရာသီ သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားများ တိုးတက်လာစေရေးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ထိခိုက်ပျက်စီးခဲ့သည့် လယ် ယာမြေများတွင် ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် လယ်ယာကဏ္ဍဖွံဖြိုး တိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးပြီး ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေကြာနှင့် မတ်ပဲမျိုးစေ့များကို တောင်သူများထံ ထောက်ပံ့ပေးအပ်သည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တောင်သူများနှင့်အတူ ဘဲကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၆၂၃ ကွင်းရှိ စိုက်ဧရိယာ ၀ ဒသမ ၅၀ ပေါ်တွင် ရေကြီးနစ်မြုပ်ပြီး သဲနုန်းဖုံးလွှမ်းသွားသော လယ်မြေများတွင် လက်တွေ့စမ်းသပ်စိုက်ကွက်၌ စပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုတ်၊ ဂျုံနှင့် နေကြာသီးနှံများ စမ်းသပ်စိုက်ပျိုးထားရှိမှု၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်း ကျေးရွာ၊ ကွင်းအမှတ် ၁၆၄၃၊ စိုက်ဧရိယာ ခုနစ်ဧကပေါ်တွင် TBLမျိုးစေ့ထုတ်ကုမ္ပဏီမှ စိုက်ပျိုးထုတ်လုပ်ထားသည့် မျိုးစေ့များကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.