စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေး ဥပဒေမူကြမ်းကို စွမ်းအင် သုံးစွဲရေး လုပ်ငန်းများ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်




နေပြည်တော် နိုဝင်ဘာ ၆


စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးနှင့် စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။


အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊  မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊  မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံ ပြန်ပြည့်မြဲစွမ်းအင်အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေး လုပ်ငန်းများကို မြန်မာတစ်နိုင်ငံလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေး ဥပဒေမူကြမ်းကို ရေးဆွဲ၍ ဥပဒေမူကြမ်းတွင် စက်မှုကဏ္ဍ၊ အဆောက်အဦ ကဏ္ဍ၊ စွမ်းအင်အသုံးပြု စက်ပစ္စည်း ကိရိယာများကဏ္ဍနှင့် ပို့ဆောင်ရေးကဏ္ဍ စသည့်ကဏ္ဍ (၄)ရပ်၌ စွမ်းအင်အကျိုးရှိစွာ သုံးစွဲရေး နည်းပညာများကို ပိုမိုအသုံးချ ဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။


ယင်းနောက် တက်ရောက်လာကြသူများက စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင် ရေးအတွက် ဥပဒေမူကြမ်း ရေးဆွဲခဲ့မှု၊ ပြဋ္ဌာန်းထားသည့် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများ အရ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အခြေအနေ၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်နေမှုနှင့် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး ရေးဆွဲခဲ့သည့် ဥပဒေမူကြမ်းပါ အချက်အလက်များနှင့် ပါဝင်သင့်သည့် အချက်များ၊ စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.