ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားများတွင် ဝန်ဆောင်မှုပေးမည့် ဟိုတယ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ
နေပြည်တော် နိုဝင်ဘာလ ၆
ပဥ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၊ ဖွင့်ပွဲအခမ်းအနား၊ ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ပိတ်ပွဲ အခမ်းအနားများတွင် ဧည့်ခံကျွေးမွေးရေး ကိစ္စရပ်များ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ဟိုတယ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင် ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး က အခမ်းအနားများသို့ တက်ရောက်လာကြမည့် ဧည့်သည်များကို ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော အစားအစာများဖြင့် တည်ခင်းဧည့်ခံနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှု ပေးမည့် ဝန်ထမ်းများ ကူးစက်ရောဂါ ကင်းရှင်းရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည့်အပြင် လုံခြုံရေးကိစ္စကို အထူးဂရုပြု ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက အခမ်းအနားများတွင် ဧည့်ခံကျွေးမွေးရေး အစီအစဉ်များကို ဆွေးနွေးအကြံပြုတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments