ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ




နေပြည်တော် နိုဝင်ဘာ ၆


ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။


အစည်းအဝေးတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်း ဆွေ က မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိသည့် အစီအမံ (Action Plan) များအား သတ်မှတ်ကာလအတွင်းပြီးစီးစေရန် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ရာ Action Plan ပါ ဆောင်ရွက်ရန် ကျန်ရှိသည့်အချက်များအနက် ရလဒ်ကောင်းများ အနေဖြင့် ၂၀၂၁ ခုနှစ်တွင် လက်ငင်းရလဒ် (၂) ခု၊ ၂၀၂၂ ခုနှစ်တွင် လက်ငင်းရလဒ် (၁) ခု၊ ၂၀၂၃ ခုနှစ်တွင် လက်ငင်းရလဒ် (၁) ခုနှင့် ၂၀၂၄ ခုနှစ်တွင် လက်ငင်းရလဒ် (၄) ခုတို့သည် ကြီးမားစွာ လိုက်နာဆောင်ရွက်ခြင်း (Largely Addressed) အဆင့်သို့ တိုးမြှင့်ရရှိခဲ့ပါကြောင်း။


အကောင်အထည် ဖော်ဆောင်ရွက်ရမည့်အစီအမံ (Action Plan) (၁၅) ချက်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် (၇) ချက်သာကျန်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်မှုများကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ တွင် ကျင်းပပြုလုပ်ခဲ့သည့် FATF မျက်နှာစုံညီအစည်းအဝေးအပြီး ထုတ်ပြန်ချက် (Statement)၌ မြန်မာနိုင်ငံသည် လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်ရန် အကြံ ပြုချက် ယခင်(၈)ချက်ရှိရာမှ (၆)ချက်သာ ကျန်ရှိခဲ့ပြီး  အလေးထား စိစစ်မှုများ တိုးမြှင့် ဆောင်ရွက်ရန် (Enhanced Due Diligence) စာရင်းတွင်သာ ဆက်လက် ထားရှိခဲ့ပါကြောင်း၊ ဆက်လက်အကောင်အထည်ဖော်ရန် ကျန်ရှိသည့် အချက်များကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်းများဖြစ်သည့် ကြီးကြပ်ရေး အာဏာပိုင်များနှင့် သတင်းပို့အဖွဲ့အစည်းများက တာဝန်ခံဌာနများအဖြစ် သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် Timeline များ ချမှတ်၍ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ပြောကြားသည်။


အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


သတင်းစဉ်

No comments

Powered by Blogger.