မကွေးတိုင်းဒေသကြီး၏ လယ်ယာကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်




နေပြည်တော် နိုဝင်ဘာ ၆


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ စက်မှု ဝန်ကြီးဌာန၏ ဝါကြိတ်စက်ရုံသို့ ရောက်ရှိကြပြီး  အရည်အသွေးကောင်း ဂွမ်းမွေးများရရှိရန်အတွက် ဝါဝယ်ယူချိန်တွင် Grade ခွဲခြားပေးသွင်းရေး တောင်သူများအား အသိပညာပေး ဆွေးနွေးပေးရန်နှင့် Grade အလိုက် မျှတသောစျေးနှုန်းဖြစ်စေရေး ထိန်းကျောင်းပေးရန် ဆွေးနွေး မှာကြားသည်။


ထို့နောက် ရေတွင်းကောင်းကျေးရွာအုပ်စုတွင် စိုက်ပျိုးထားသော ရွှေတောင်(၁၀) ချည်မျှင်ရှည်ဝါစိုက်ခင်းကို ကြည့်ရှုအားပေးပြီး ဒေသခံဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ အရည် အသွေးကောင်း ချည်မျှင်ရှည်ဝါမျိုးများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးမြေပိုင်ဆိုင်ခွင့် လုပ်ကိုင်ခွင့်ကို တည်ဆဲလယ်ယာမြေ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။


အလားတူ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ် ပေပင်စမ်းကျေးရွာအုပ်စု မှ တောင်သူများ စိုက်ပျိုးထားသော မြေပဲစိုက်ခင်းကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများ၏ စိုက်ပျိုးလုပ်ကိုင်မှု သီးနှံအထွက်နှုန်းနှင့် ဝင်ငွေအခြေအနေများကို ခင်မင်ရင်းနှီးစွာမေးမြန်းပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေသေချာစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး မြေအောက်ရေ တူးဖော် အသုံးပြုလိုပါက ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က နည်းပညာနှင့် လုပ်အားကို အခမဲ့ ကူညီပံ့ပိုးပေးသွားမည့်အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။ 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား တွေ့ဆုံ၍  မကွေးတိုင်းဒေသကြီး၏ လယ်ယာကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ စားရေရိက္ခာဖူလုံမှုဆိုင်ရာ စီမံဆောင်ရွက်မှုအတွက် ခိုင်မာစွာ အထောက်အကူဖြစ်စေမည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကိန်းဂဏန်း စာရင်းဇယားများ တိကျမှန်ကန်ရေး၊ သီးနှံကုန်စည် စီးဆင်းမှု အခြေအနေများအရ ဒေသဝမ်းစာဖူလုံမှု၊ ဒေသတွင်းနှင့် အိမ်နီးချင်းစျေးကွက်များသို့ တင်ပို့ရောင်းချမှုတို့အပေါ် သုံးသပ်ပြီး ဘဏ္ဍာနှစ်အလိုက် စီမံဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.