လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေဘေးသင့်ဝန်ထမ်းများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်
နေပြည်တော် နိုဝင်ဘာ ၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေဘေးသင့်ဝန်ထမ်းများအတွက် လျှပ်စစ်ဝန်ထမ်း ဟောင်းများအသင်းမှ လှူဒါန်းငွေအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ရေဘေးသင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးဒဏ်ကြောင့် နေအိမ်၊ အဆောက်အဦ၊ ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး ရေဘေးဒဏ်သင့် ခံစားခဲ့ရသည့် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်း ၁၇၅ ဦးကို သက်ဆိုင်ရာဌာနများအလိုက် ဌာနကြီးမှူးများကိုစေလွှတ်၍ ယာယီနေရာ ပြောင်းရွှေ့ပေးခြင်း၊ စားသောက်နေထိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့်လည်း ထောက်ပံ့ငွေပေးအပ်မှုများကို ပထမ အကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခု ဒုတိယ အကြိမ်အဖြစ် လျှပ်စစ်ဝန်ထမ်းဟောင်းများအသင်းမှ လှူဒါန်းငွေအား ထပ်မံထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ယခုထောက်ပံ့မှုသည် တစ်ဦးချင်းလိုအပ်ချက် တစ်စိတ်တစ်ပိုင်းသာ ဖြစ်နိုင်သဖြင့် ထောက်ပံ့မှုများအား အကျိုးရှိစွာအသုံးချနိုင်ရေး ဆောင်ရွက်ကြပါရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရေဘေးသင့်ဝန်ထမ်း ၁၇၅ ဦး အတွက် ဒုတိယအကြိမ်အဖြစ် လျှပ်စစ်ဝန်ထမ်းဟောင်းများအသင်းမှ လှူဒါန်းငွေအား ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာဌာနအလိုက် ဌာနအကြီးအမှူးများက လက်ခံရယူခဲ့ကြပြီး ရေဘေးသင့်ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments