ဒေသမျိုးရင်းသစ်စေ့ မျိုးကောင်းမျိုးသန့်များ စဉ်ဆက်မပြတ် ရရှိရေးအတွက် သစ်စေ့ထုတ် ဧရိယာများ တိုးချဲ့တည်ထောင်သွားရန် လိုအပ်
နေပြည်တော် နိုဝင်ဘာ ၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မုန်တိုင်ကြိုးဝိုင်း၊ အကွက်အမှတ် ၄ ရှိ ဒဟက်သစ်စေ့ထုတ်ဧရိယာသို့ သွားရောက်၍ သစ်စေ့ထုတ်ဧရိယာ အတွင်းမှ အပူပိုင်းဒေသမျိုးရင်း ဒဟက်သစ်မျိုးစေ့များ စုဆောင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစဉ် တာဝန်ရှိသူများက နှစ်အလိုက် သစ်စေ့စုဆောင်းမှု၊ သိုလှောင်ထိန်းသိမ်းမှု၊ ဖြန့်ဖြူးပျိုးထောင်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက အပူပိုင်းဒေသရှိ ခရိုင် ၁၃ ခုအတွင်း ရာသီဥတုနှင့် ကိုက်ညီသည့် ဒေသမျိုးရင်း သစ်မျိုးများ စိုက်ပျိုးရေးသည် အထူးအရေးကြီးကြောင်း၊ ဒေသမျိုးရင်းသစ်စေ့ မျိုးကောင်း မျိုးသန့်များ စဉ်ဆက်မပြတ် ရရှိရေးအတွက် သစ်စေ့ထုတ်ဧရိယာများ တိုးချဲ့တည်ထောင်သွားရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့နယ်၊ မုန်တိုင်ကြိုးဝိုင်းအကွက် ၄ ရှိ ၁/၂၀၂၄ ကျေးရွာသုံး ထင်းစိုက်ခင်း ၃၀ ဧကနှင့် ၂/၂၀၂၄ အခြားစိုက်ခင်း ၂၅ ဧကအတွင်း တမာ၊ ဒဟက်၊ မဲဇလီ၊ ကုက္ကို သစ်မျိုးများ စိုက်ပျိုးရှင်သန်နေမှုကိုလည်းကောင်း၊ မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်ရှိ မယ်ညိုတောင် ကြိုးဝိုင်းအတွင်း အမြန်လမ်းမကြီးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် အပူပိုင်းဒေသသစ်မျိုးများ စိုက်ပျိုးထားသော တစ်အုပ်တစ်မ စိုက်ခင်းကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် ကျေးရွာသုံးထင်းစိုက်ခင်း ဧက ၁၀၀ နှင့် အမြန်လမ်း မကြီးဝဲယာ တစ်အုပ်တစ်မစိုက်ခင်း ဧက ၅၀ ရှင်သန်အောင်မြင်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြင်ဦးလွင်မြို့နယ်ရှိ ဒိုးကွင်သစ်တောပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးပင် ၁၃၀,၀၀၀ ကျော် ပျိုးထောင်ထားရှိမှု၊ ဆေးဘက်ဝင်ဂမုန်းမျိုးစိတ် ၂၀ မျိုးနှင့် မြန်မာ့ရှားပါး သစ်ခွမျိုးစိတ် ၆၀ မျိုးတို့၏ မျိုးရိုးဗီဇထိန်းသိမ်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ထင်းကြိုးဝိုင်းအကွက်အမှတ် ၁၁ အတွင်း ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့်အပင်များ ရှင်သန်အောင်မြင်မှုကိုလည်းကောင်း၊ ထင်းကြိုးဝိုင်း၊ အကွက်အမှတ် ၁၄ ရှိ ချယ်ရီတစ်အုပ်တစ်မစိုက်ခင်း ရှင်သန်ဖြစ်ထွန်းနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments