တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား




နေပြည်တော် နိုဝင်ဘာ ၅

တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ HUALUXE Kunming Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။


တာဝန်ရှိသူများတက်ရောက်

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။


နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၏

ဆက်နွှယ်မှုသည် မိမိတို့သွားလိုသည့် အနာဂတ်ကို လျှောက်လှမ်းနိုင်ရန်

မဟာဗျူဟာကျသည့် မောင်းနှင်အားတစ်ရပ်ပင်ဖြစ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ မိမိအနေဖြင့် ယခုလိုပြောကြားခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ၏ ဆွေမျိုး ပေါက်ဖော်ချစ်ကြည် ရင်းနှီးမှုသည် မကြာခင်ကာလတွင် စိန်ရတုမှတ်တိုင်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများအကြား၊ စီးပွားရေးလုပ်ငန်းများအကြား၊ အစိုးရဌာနများ အကြား ကောင်းမွန်သည့်ဆက်ဆံရေးများကို လက်တွေ့ ဖော်ဆောင်ရင်း အပြန်အလှန် ယုံကြည်မှုများ ပိုမိုတိုးတက် ခိုင်မြဲလာသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု များဖြစ်သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၏ဆက်နွှယ်မှုကလည်း မိမိတို့သွားလိုသည့်အနာဂတ်ကို လျှောက်လှမ်းနိုင်ရန် မဟာဗျူဟာ ကျသည့် မောင်းနှင်အားတစ်ရပ်ကို ဖြစ်စေကြောင်း။


မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ သဘာဝအရ တည်ရှိနေသည့် တည်နေရာကြောင့် ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ကြီးမားသည့်ဈေးကွက်နှင့် လျင်မြန်စွာတိုးတက်နေသော အာဆီယံ ဒေသတွင်း၏ အချက်အချာကျသည့် နေရာတွင်ရှိနေကြောင်း။


ယင်းနှင့် ဆက်စပ်ပြီး ပြောရမည်ဆိုပါက မြန်မာ နိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်း ကောင်းစွာဆောင်ရွက် နိုင်သည့် ရာသီဥတုနှင့် မြေအကျယ်အဝန်းရှိပါကြောင်း၊ အရှေ့တောင်အာရှဒေသတွင် လယ်ယာမြေဟက်တာ ၆၅ သန်း ကျော်ရှိပြီး လယ်ယာမြေအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ သို့သော် လည်း မိမိတို့အနေဖြင့် စိုက်ပျိုးမြေ၏ ၂၀ ရာခိုင်နှုန်း ခန့်သာ စိုက်ပျိုးနိုင်ပါသေးကြောင်း၊ ယင်းသည် မြေဆီဩဇာ ကြွယ်ဝကောင်းမွန်ပြီး ဓာတုပစ္စည်း များ သက်ရောက်မှုမရှိသေးသည့် စိုက်ပျိုးမြေနေရာများစွာကို ရင်းနှီးမြှုပ်နှံလိုသူများအတွက် အခွင့်အလမ်းကောင်းများ ပင်ဖြစ်ကြောင်း၊ အလားတူစိုက်ပျိုးရေးကိုအခြေခံသည့် မွေးမြူရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြရန် အခွင့်အလမ်းများလည်းရှိကြောင်း။


တရုတ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာများနှင့် ဇီဝနည်းပညာသုံး စိုက်ပျိုးနည်းစနစ်ကို အောင်မြင်စွာ အသုံးပြုနေ သည်ကို လေ့လာတွေ့ရှိရကြောင်း၊ ထို့ကြောင့် ရင်းနှီး မြှုပ်နှံမှုမှတစ်ဆင့် နည်းပညာ လွှဲပြောင်းရယူရေး၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးထုတ်ကုန်များ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အစားအစာ ဘေးကင်း လုံခြုံမှုရှိပြီး ဂေဟစနစ်ကို ရေရှည်ထိန်းသိမ်းထားနိုင် သည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး မိမိတို့၏ မိတ်ဖက်စီးပွားရေး လုပ်ငန်းရှင်များနှင့် ယခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်သွားရန် ဖိတ်ခေါ်လိုကြောင်း။


မိမိအနေဖြင့် မြန်မာနိုင်ငံ၏ ရှိရင်းစွဲသဘာဝက ပေးသည့် စိုက်ပျိုးမွေးမြူရေး အခြေခံကောင်းများကို အသုံးချပြီး ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ အဓိက ထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်စေရေး ဆောင်ရွက်နေ ကြောင်း၊ မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်း ထုတ်ကုန်များ တိုးတက်မြင့်မားလာစေရန်အတွက် စိုက်ပျိုးရေးနည်းစနစ်များနှင့်အတူ အခြေခံလိုအပ် ချက်ဖြစ်သည့် ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ သဘာဝမြေဩဇာထုတ်လုပ်ရေး၊ အပင်အားဆေးနှင့် ပိုးသတ်ဆေးလိုအပ်ချက်များလည်း ရှိနေပါကြောင်း၊ ယင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဆက်သွယ် ဆောင်ရွက်နေသည့် ကုမ္ပဏီအဖွဲ့အစည်းများလည်းရှိကြောင်း၊ ပိုမိုတိုးတက်လုပ်ဆောင်နိုင်ရန် မိမိတို့ အနေဖြင့် လည်း လိုအပ်သည်များကို ကူညီပေးရန် အသင့်ရှိကြောင်း၊ စက်မှုလယ်ယာကဏ္ဍကို အရှိန် အဟုန်မြှင့်တင်နိုင်မည့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခြွေလှေ့ခြင်း၊ သိုလှောင်ခြင်းတို့အတွက် ခေတ်မီစက်ကိရိယာများ၊ သိုလှောင်ရုံများ ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်လိုကြောင်း။


လက်ရှိဆောင်ရွက်နေသည့် ကြက်၊ ဝက်၊ နွား မွေးမြူရေးလုပ်ငန်းများတွင် ခေတ်မီနည်းစနစ်များဖြင့် မွေးမြူပြီး အေးခဲ အသားထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ အနောက်ဘက် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့သည် လူဦးရေများပြားသည့် နိုင်ငံများဖြစ်ပြီး စားနပ်ရိက္ခာ ဈေးကွက်ကြီးမားလှကြောင်း၊ စိုက်ပျိုးရေးကဏ္ဍကို စက်မှုလယ်ယာအဖြစ် မြှင့်တင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်ရည်ရွယ်ထားကြောင်း၊ ထို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ အနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင် ဆောင်ရွက်ရာတွင် လွယ်ကူ ချောမွေ့စေရန် သီးခြားကူညီထောက်ပံ့မှုများ ပံ့ပိုးပေး လျက်သည်ကို အလေးထားပြောကြားလိုကြောင်း။


စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အပြင် အခြေခံစက်မှုကုန်ကြမ်းသီးနှံများ ဖြစ်သည့် ဝါနှင့် ရော်ဘာ စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်နေကြောင်း၊ ဝါမှတစ်ဆင့် ချည်မျှင်၊ ၎င်းမှ အထည် အလိပ်များ ထုတ်လုပ်နိုင်ရန်အထိ ရည်ရွယ်ချက် ထား လုပ်ဆောင်နေခြင်းဖြစ်ပြီး ဝါစိုက်ပျိုးနိုင်သည့် မြေနေရာများစွာရှိကြောင်း၊ ရော်ဘာစိုက်ပျိုးရေးနှင့် စပ်လျဉ်း၍ ကာလတို၊ ကာလရှည် စီမံကိန်းများ ရေးဆွဲပြီး အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်နေကြောင်း၊ ရော်ဘာကုန်ကြမ်းမှ ဖိနပ်၊ ရော်ဘာလက်အိတ်နှင့် တာယာ အမျိုးမျိုးတို့ကို ထုတ်လုပ်နိုင်ရေး ရည်ရွယ်ထားကြောင်း၊ မိမိအနေဖြင့် သစ်အခြေခံပရိဘောဂလုပ်ငန်းများ၊ သစ်ပါးလွှာ၊ အထပ်သား၊ သစ်ကြိတ်သား၊ သစ်ခွဲသားထုတ်လုပ် ခြင်း လုပ်ငန်းများအပြင် အဆင့်မြင့်ချည်ထုတ်လုပ် ခြင်း၊ အဆင့်မြင့်ရော်ဘာထုတ်လုပ်ခြင်း၊ ရော်ဘာအခြေခံ ပရိဘောဂပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို လည်း ဖွံ့ဖြိုးတိုးတက်လာအောင် အားပေး ဆောင်ရွက်လျက်ရှိသည်ကို သတင်းကောင်းပါးလိုကြောင်း။


မြန်မာနိုင်ငံ၏ ဒေသအများစုတွင် ဝါးနှင့်ကြိမ်တို့ ပေါက်ရောက်ကြောင်း၊ ယင်းဝါးနှင့် ကြိမ်ကုန်ကြမ်းမှ တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်တွင် ယခုထက်ပိုပြီး ဖြန့်ချိနိုင်ရန်လိုအပ်နေကြောင်း၊ ထိုသို့ နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးမူဝါဒနှင့်အညီ ဖြစ်ပေါ်လာ သည့် ပုဂ္ဂလိကသစ်အခြေခံ စက်မှုလုပ်ငန်းများကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်နေသည့် နည်းပညာနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးတို့ကို ဦးတည်ချက်ထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။


မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် လိုအပ်သည့် ဘိလပ်မြေ များကို ပြည်တွင်းတွင်လုံလောက်အောင် မထုတ်လုပ်နိုင်သေးသည့်အတွက် ဘိလပ်မြေ ထုတ်လုပ်ရေးကဏ္ဍကလည်း အခွင့်အလမ်းများစွာ ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် ဘိလပ်မြေထုတ်လုပ် ရန် အခြေခံကုန်ကြမ်းများဖြစ်သည့် ထုံးကျောက်၊ ဂျစ်ပဆန်နှင့် ဂေါ်ဒန်ကျောက်များ ပေါကြွယ်ဝကြောင်း၊ ထို့ပြင် နေ့စဉ်မဖြစ်မနေအသုံးပြုနေရသည့် လျှပ်စစ်ဓာတ်အားအတွက်လည်း တရုတ်နိုင်ငံတွင် အောင်မြင်ပြီးဖြစ်သည့် ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အား ပေးလုပ်ငန်းများ၊ ရေအားလျှပ်စစ်လုပ်ငန်းများကို လာရောက်ရင်းနှီးလုပ်ကိုင်စေလိုကြောင်း၊ တရုတ်နိုင်ငံသည် လျှပ်စစ်ကားကဏ္ဍတွင် ကမ္ဘာ့ဦးဆောင်နေရာကိုရရှိပြီး ဖြစ်သောကြောင့် လျှပ်စစ်ကားလုပ်ငန်းကိုလည်း မြန်မာ နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း။


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး လျှပ်စစ်သုံးယာဉ် ထုတ်လုပ်ခြင်း၊ ဘိလပ်မြေ ထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ် ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး တန်ဖိုးမြင့်ထုတ် ကုန်များထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းနှင့် စားသုံးဆီ ထုတ်လုပ် ခြင်းစသည့် ကဏ္ဍများတွင် မိမိတို့၏ မိတ်ဖက်စီးပွား ရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ပါက ဦးစား ပေးပြီး ဝန်ဆောင်မှုများ အထူးပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။


မိမိတို့နိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေ ဖြင့် ကဏ္ဍ ၁၂ ခုတွင် အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၃၈ ဘီလီယံ ရှိခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများကို သုံးသပ်ကြည့်သည့်အခါ စိုက်ပျိုးရေး ကဏ္ဍတွင် ဝ ဒသမ ၄၈ ရာခိုင်နှုန်းနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၁ ဒသမ ဝ၄ ရာခိုင်နှုန်းရှိသည်ကို တွေ့ရ ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၁ဝ၅ သန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်း၊ လူကြီမင်း တို့အနေဖြင့် မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အောင်မြင်နိုင်သည့် အခွင့်အလမ်းများကို ဖမ်းဆုပ်နိုင်ရန်အတွက် အခုထက် ပိုမိုပြီး ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သွင်းကုန်/ပို့ကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်ရှိသောကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ခိုင်မာအားကောင်း နေသည်ကို ပေါ်လွင်နေကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ သည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြားတွင် နယ်နိမိတ်ချင်း ထိစပ်ရပ်တည်နေသောကြောင့် စားနပ်ရိက္ခာ၊ အခြားကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး အဆင့်မီ တိုးမြှင့်ထုတ်လုပ်ရန် အခွင့်အလမ်းရှိသည့်နိုင်ငံ ဖြစ်ကြောင်း။


မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေ သည်မှာ ဆန်၊ ပဲမျိုးစုံနှင့် နှမ်း စသည့်စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်း၊ သစ်မာကုန်ကြမ်းများနှင့် သစ်အခြေခံ အချောထည် ထုတ်ကုန်များဖြစ်ကြောင်း၊ မိမိအနေဖြင့် ယခုလို ပို့ကုန်များကို တန်ဖိုးမြင့်သစ် အခြေခံ ထုတ်ကုန်များ (Value-added Wood-based Products) အဖြစ် ထုတ်လုပ်ပြီး ပြည်တွင်း ပြည်ပဈေးကွက်များကို ဖြန့်ဖြူးတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တရုတ် - မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်မက တိုးမြှင့်သွားလိုကြောင်း၊ ယင်းအတွက် လည်း မိမိတို့၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များနှင့် အခွန်ကင်းလွတ်သက်သာ ခွင့်များကို သိသာစွာပံ့ပိုးပေးထားကြောင်း။


လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ အခြေခံ အဆောက်အအုံကဏ္ဍများနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ် နိုင်ငံတို့ဆုံရာနေရာ၌ အချက်အချာကျကျ တည်ရှိသောကြောင့် လမ်းပန်းဆက်သွယ်မှု လမ်းဆုံနေရာ တွင်ရှိကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံအတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံ ဖြစ်ကြောင်း၊ မြန်မာ့လမ်းပန်းဆက်သွယ်ရေး ကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍသည်လည်း လူကြီးမင်း တို့အတွက် အလားအလာကောင်းများရှိသည့်အတွက် အသိပေးလိုကြောင်း။


ဒေသတွင်းဆောင်ရွက်ချက်များကို ပြောရမည်ဆိုပါက မြန်မာနိုင်ငံက ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု(RCEP) သဘောတူစာချုပ်ကို အတည်ပြုခဲ့သည့် ပထမဆုံးနိုင်ငံများထဲတွင် ပါဝင်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို RCEP သဘောတူစာချုပ်တွင် ၂၀၂၂ ခုနှစ် မေလ ၁ ရက်မှ စပြီး အသက်ဝင်ခဲ့ကြောင်းကို အတည်ပြုပေးခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း RCEP သဘောတူ စာချုပ်အရ RCEP ဖောင်ပုံစံများနှင့် ဆက်စပ် အာမခံချက် စာရွက်စာတမ်းများကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှစတင်ပြီး ထုတ်ပေးလျက်ရှိ ကြောင်း၊ လူကြီးမင်းတို့အနေဖြင့် စီးပွားရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ရရှိခံစားနိုင်မည် ဖြစ်ကြောင်း၊ RCEP သဘောတူ စာချုပ်အပြင် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု ဒေသဆိုင်ရာသဘောတူ စာချုပ်(ACFTA)နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေပါ အကာအကွယ်ပေးရေးနှင့် လွယ်ကူချောမွေ့စေရေး အစီအမံများကြောင့် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများကို ခိုင်ခိုင်မာမာနှင့် တိုးမြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။


ဆက်လက်ပြီး မိမိတို့၏ မိတ်ဖက်တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ် လုပ်ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန် မိမိတို့၏ ဆောင်ရွက်ချက် အချို့ကို ထပ်မံမျှဝေလိုကြောင်း၊ ကုန်သွယ်မှု၊ နယ်စပ်ငွေလွှဲပြောင်း ပေးချေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် ယွမ် - ကျပ် တိုက်ရိုက်ငွေပေးချေ မှုစနစ်ကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ယွမ်နှင့် ရင်းနှီးမြှုပ်နှံမှုများ အပြည့်အဝ ပြုလုပ်နိုင်ကြောင်း။


တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက် ပြုမှုအစီအစဉ်(Global Development Initiatives-GDI) တွင် ပါဝင်သည့် ဦးစားပေးနယ်ပယ် (၈) ခုတွင် လည်း မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ကဏ္ဍများစွာပါဝင်နေသောကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် အခွင့်အလမ်းများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ နှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအရ တီထွင်ဆန်းသစ်မှုမှတစ်ဆင့် ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်း အားတို့ကို အဓိကမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် တက်ရောက်လာသည့် လူကြီးမင်းတို့ အနေဖြင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးမှုနှင့် နည်းပညာဖြန့်ဖြူးခြင်းပိုင်းတွင် ဝင်ရောက်လက်တွဲ လုပ်ကိုင်ကြ ရန်လည်း အလေးထားဖိတ်ခေါ်လိုကြောင်း။


မိမိတို့ တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်ပြီး အနည်းငယ်ပြောကြားလိုကြောင်း၊ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်များနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုများကို မျက်ကွယ်ပြုပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားအောင် နည်းမျိုးစုံဖြင့်ပြုလုပ်ပြီး နိုင်ငံရေးအရ၊ စစ်ရေးအရ အမြတ်ထွက် အောင် ဆောင်ရွက်ခဲ့ကြောင်း၊ နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက် နေခြင်းသည် နှစ်နိုင်ငံအစိုးရများနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှုမရှိဘဲ ဒေသတည်ငြိမ်ရေး အတွက် အန္တရာယ်များကြောင်း၊ လက်နက်ကိုင်သောင်းကျန်းမှု၊ တရားမဝင် လုပ်ငန်းများ လုပ်ဆောင်မှုများသည် ကူးစက်တတ် သည့်သဘောရှိကြောင်း၊ ယင်းသောင်းကျန်းသူများ သည် ယခင်အတိတ်ကာလကလည်း နယ်စပ်ဒေသ များတွင် မူးယစ်ဆေးဝါးလုပ်ငန်းများ၊ မှောင်ခိုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများလုပ်ဆောင်ပြီး စစ်ဘုရင် ဝါဒကို အသက်သွင်းခဲ့သည့်သူများ ဖြစ်ကြောင်း၊ ယခုချိန်တွင်လည်း ဒီမိုကရေစီအရေး၊ လူမျိုးစုအရေးစသည့် အရေးများကို ရုပ်ပြအဖြစ်အသုံးပြုပြီး စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်း နေသည်ကို တွေ့မြင်ရကြောင်း၊ “ကျားသေကို အသက်ပြန်မသွင်းမိကြစေဖို့” ပြောလိုကြောင်း၊ မိမိတို့ နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသ ကုန်သွယ်ရေး သည် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုသောကြောင့် နယ်စပ် ဒေသတည်ငြိမ်ပြီး ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်အောင် တတ်နိုင်သရွေ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း။


ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မိမိတို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ယခုနေရာမှ မျှဝေခွင့်ရခဲ့ကြောင်း၊ ယခုအခမ်း အနားမှတစ်ဆင့် မိမိတို့နှစ်နိုင်ငံအကြား ရေရှည် တည်တံ့ခိုင်မြဲပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားသည်။


မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့်

တရုတ်စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များနှင့် လိုအပ်ချက်များအား

အသီးသီးဆွေးနွေးပြောကြား

ထို့နောက် တက်ရောက်လာကြသည့် မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်နေမှုအခြေအနေများ၊ စီမံကိန်းများဆောင်ရွက်ရာတွင် အစိမ်းရောင်ပတ်ဝန်းကျင်ကို ဖော်ဆောင်နိုင်မည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံ မှုများဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် မြန်မာနိုင်ငံအစိုးရမှ ဖြေရှင်းပေးနိုင်မည့် အခြေအနေများ၊ ကုမ္ပဏီများအလိုက်မှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှ ချမှတ်ထားသည့် ပို့ကုန်သွင်းကုန်မူဝါဒများအား သိရှိလိုမှု၊ နှစ်နိုင်ငံ စီးပွား ဆက်သွယ်မှုလမ်းကြောင်းများအား ယခုထက်ပိုမိုပွင့်လန်းလာစေရေး ဆောင်ရွက်နိုင်ရန် လိုအပ်မှု၊ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်ယူမှု လုပ်ငန်းစဉ်အား မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လိုမှုနှင့် ၎င်းစီမံကိန်းမှ တစ်ဆင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့အတွက် အကျိုးကျေးဇူးများစွာကို ဖော်ဆောင် ပေးနိုင်မည့် အခြေအနေများ၊ ယခုကဲ့သို့ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် အချိန်ပေး၍ လက်ခံဖြေကြား ဆွေးနွေးပေးသည့်အတွက် မြန်မာနိုင်ငံနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်အား အထူးပင်ကျေးဇူးတင်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေး ကြသည်။


သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက

အသီးသီးပြန်လည်ဆွေးနွေးပြောကြား

ထိုကဲ့သို့ တရုတ်နိုင်ငံမှ ကုမ္ပဏီများ၏ မေးမြန်းဆွေးနွေးမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက်မှ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ဆွေးနွေး ပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ကံဇော်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်တို့က မြန်မာနိုင်ငံ၏ လျှပ်စစ်မီးသုံးစွဲမှုစနစ်များနှင့် လျှပ်စစ် ဓာတ်အားထုတ်ယူမှုနှင့်ပတ်သက်၍ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုမှုအပေါ် နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ် ဓာတ်အားပြည့်မီစွာ ထုတ်ယူသုံးစွဲ နိုင်ရေးအတွက်လည်း ရေရှည်စီမံချက်များကို ချမှတ်ဆောင်ရွက် လျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း အပါအဝင် အခြားနယ်ပယ်စုံ၌ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ လိုသူများအား ဖိတ်ခေါ်လျက်ရှိမှုနှင့် လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများနှင့် သွင်းကုန်၊ ပို့ကုန်မူဝါဒများအား တတ်နိုင်သရွေ့ ဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံခြားငွေလဲလှယ်မှုများ အဆင်ပြေစေ ရေးနှင့် ပြည်တွင်းကုန်ဈေးနှုန်းများ ထိန်းသိမ်းနိုင်ရေးတို့အတွက် ကော်မတီများဖွဲ့စည်း၍ ကြပ်မတ်ဆောင်ရွက် လျက်ရှိမှု၊ နိုင်ငံခြားငွေလဲလှယ်မှုနှင့်ပတ်သက်၍ အနောက်အုပ်စု၏ ငွေကြေးပိတ်ဆို့မှုများကြောင့် ငွေကြေးလဲလှယ်မှု နှုန်းထားများ ဖောင်းပွမှုများဖြစ်ပေါ်ခဲ့မှုနှင့် နိုင်ငံတော်အစိုးရအနေဖြင့် စနစ်တကျ ထိန်းချုပ်ဆောင်ရွက်ခဲ့ပြီး ငွေကြေးတည်ငြိမ်မှု ရှိအောင် ဆောင်ရွက်နိုင်ခဲ့မှု၊ နိုင်ငံအချင်းချင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို လွယ်ကူမြန်ဆန်မှုရှိစေရေးအတွက် ကျပ် - ယွမ်၊ ကျပ် - ဘတ်၊ ကျပ် - ရူပီး တို့ကဲ့သို့ တိုက်ရိုက်ငွေကြေး သုံးစွဲမှု ပုံစံများဖြင့် ပေးချေနိုင်ရေး ဆောင်ရွက်လျက် ရှိမှု၊ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်မှု လုပ်ငန်းစဉ်အား မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံဆောင်ရွက်လိုမှုအပေါ် နိုင်ငံတော်အဆင့် စီမံကိန်းအဖြစ် သတ်မှတ်၍ လိုအပ်သည့် ကွင်းဆင်း လေ့လာခြင်းနှင့် လုပ်ငန်းစဉ်များ အဆင့်ဆင့် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ် သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားကြသည်။


ဆွေးနွေးမှုများနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြား

တရုတ်နိုင်ငံမှ ကုမ္ပဏီများ၏ မေးမြန်းဆွေးနွေး မှုများနှင့် ပြည်ထောင်စုဝန်ကြီးများ၏ ပြန်လည်ဆွေးနွေးမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဖြည့်စွက်ဆွေးနွေး ပြောကြားရာတွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တွင် ရေအားလျှပ်စစ်၊ နေရောင်ခြည်သုံးလျှပ်စစ်၊ လေအားလျှပ်စစ်ဟူ၍ရှိပြီး တရုတ်နိုင်ငံအနေဖြင့် ရေအားလျှပ်စစ်၊ နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားတို့ကို အောင်မြင်စွာဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပူပြင်းသည့်ရာသီဥတုရှိသည့်အတွက် နေရောင်ခြည်သုံးဆိုလာစွမ်းအင်ကို အောင်မြင်စွာဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ အဆိုပါရာသီဥတုပူပြင်းသည့်ဒေသများ၌ လာရောက်ရင်းနှီးမြှုပ်နှံမည်ဆိုပါက အောင်မြင်နိုင်မည် ဖြစ်ပြီး ဆောင်ရွက်မည်ဆိုပါက ဆိုလာစွမ်းအင်မှရရှိသည့် လျှပ်စစ်ဓာတ်အားဖြင့် ရေရရှိအောင် ဆောင်ရွက်၍ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ ရေအားလျှပ်စစ် စီမံကိန်းများ ဆောင်ရွက်မည်ဆိုပါကလည်း ၎င်းကြောင့် ထိခိုက်နိုင်မည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းများဆောင်ရွက်မည်ဆိုပါက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကိုလည်း မဖြစ်မနေထည့်သွင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကို ဝမ်းမြောက်စွာကြိုဆိုပါကြောင်း။

ငွေကြေးဖောင်းပွမှုများနှင့် ပတ်သက်၍လည်း တိုက်ရိုက်ငွေပေးချေမှုနည်းလမ်းဖြင့် အဖြေရှာဆောင်ရွက်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှု များမရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ၌ အခက်အခဲများ ကြုံတွေ့ ခဲ့ပါကလည်း တင်ပြဆောင်ရွက်သွားနိုင်ပြီး နိုင်ငံတော်အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။


စိုက်ပျိုးရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီး မြှုပ်နှံလိုမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင်အောင်မြင်စွာ ဆောင်ရွက် နိုင်မည့် အခြေအနေရှိပြီး နိုင်ငံတော်မှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လျှောက်ထား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်မှလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လာရောက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် ကုန်ချော အဆင့်ထိ ထုတ်လုပ်ဆောင်ရွက်ခြင်းကို မိမိတို့အနေ ဖြင့် ပိုမိုအားပေးဆောင်ရွက်လိုပါကြောင်း၊ နယ်စပ်ဒေသကုန်သွယ်မှုလုပ်ငန်းများ မူလအခြေအနေအတိုင်း ပြန်လည် ရောက်ရှိနိုင်ရေးအတွက်လည်း အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးစေလိုကြောင်း။


မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်သဖြင့် ကျောက်မီးသွေးမှ ဓာတ်မြေဩဇာ ထုတ်လုပ်သည့်စီမံကိန်း အောင်မြင်စွာဖြစ်မြောက်စေရေး မိမိအနေဖြင့် အားပေးပါကြောင်း၊ လိုအပ်သည့် လုပ်ငန်းစဉ်များအဆင့်အလိုက် ဆက်လက်တိုးတက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ သံမဏိထုတ်လုပ်ရေး စီမံကိန်းများ လာရောက်ရင်းနှီးမြှုပ်နှံလိုမှုနှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် ကြိုဆိုပါကြောင်းနှင့် လိုအပ်သည့် ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားနိုင်ပါ ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အနေဖြင့် ဆွေးနွေးပြောကြား ရာ၌ ယခုကဲ့သို့ ရင်းရင်းနှီးနှီး ဆွေးနွေးပြောကြားရသည့်အတွက် မိမိအနေဖြင့် ဝမ်းမြောက်မိပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ပါကြောင်း ဖြင့် ပြောကြားသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

 သတင်းစဉ်



No comments

Powered by Blogger.