နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ထွက်ခွာ
နေပြည်တော် နိုဝင်ဘာ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion(GMS) Summit ၊ (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်း အဝေး 10th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS) Summit နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး 11th Cambodia-Lao PDR-Myanmar-Vietnam (CLMV) Summit တို့သို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော် လေဆိပ်မှထွက်ခွာသည်။
ပို့ဆောင်နှုတ်ဆက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စု ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါ သွားကြသည်။
ဆွေးနွေးဆောင်ရွက်
အဆိုပါ ခရီးစဉ်အတွင်း ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အထင်ကရ နေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာသွားကြမည်ဖြစ်ကြောင်းနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ သည်လည်း သက်ဆိုင်ရာကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများ ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည် ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်သည်။
နွေးထွေးစွာကြိုဆို
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန်နံနက်ပိုင်းတွင် ရောက်ရှိကြရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia ၊ မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်၊ တရုတ်ကွန်မြူနစ်ပါတီ အမြဲတမ်း ကော်မတီအဖွဲ့ဝင် Mr. Yang Yalin နှင့် တာဝန်ရှိသူများ၊ တရုတ်ရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ပန်းစည်းကမ်းခြင်း၊ နှစ်နိုင်ငံအလံများ ဝှေ့ယမ်း၍ ရိုးရာယဉ်ကျေးမှုအကအလှများ ကပြခြင်းတို့ဖြင့် သောင်းသောင်းဖြဖြ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments