နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်နှင့် ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်သို့ သွားရောက်လေ့လာကြည့်ရှု
နေပြည်တော် နိုဝင်ဘာ ၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ခရီးစဉ်တွင်လိုက်ပါ လာကြသူများသည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ ယူနန်အသက်မွေးဝမ်းကျောင်းနှင့်စက်မှုလက်မှုနည်းပညာကောလိပ်နှင့် ကူမင်းသိပ္ပံ နှင့်နည်းပညာတက္ကသိုလ်တို့သို့ သွားရောက်လေ့လာကြည့်ရှုကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယူနန်အသက်မွေးဝမ်း ကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်သို့ ရောက်ရှိကြရာ ကောလိပ်မှတာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် ကောလိပ်ဆိုင်ရာအချက် လက်များ၊ ကောလိပ်မှ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည့် သက်မွေးပညာဘာသာ ရပ်များနှင့် နည်းပညာဆိုင်ရာ ဘာသာရပ်များ၊ မြန်မာနိုင်ငံ နယ်စပ်ရေးရာဝန်ကြီး ဌာနအောက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် အပါအဝင် နိုင်ငံတကာမှ သက်မွေး ဘာသာရပ်ဆိုင်ရာ သင်ကြားပေးနေသည့် ကောလိပ်များ၊ တက္ကသိုလ်များဖြင့် ဆက်ဆံမှုစနစ် ထူထောင်ထားရှိပြီး ကူးလူးဆက်ဆံ ဆောင်ရွက်လျက်ရှိမှု၊ အတတ်ပညာပိုင်းဆိုင်ရာနှင့် နည်းပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင်လုပ်သားများ၊ ပညာရှင်များ မွေးထုတ်ပေးလျက်ရှိမှုနှင့် အခြားဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးသည်။
လိုက်လံရှင်းလင်းပြသ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကောလိပ်အတွင်းရှိ Electromechanical Training Centre အတွင်း ကမ္ဘာ့အဆင့်အတတ်ပညာဆိုင်ရာ ပြိုင်ပွဲများ၊ ပြပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် နည်းပညာရပ်ဆိုင်ရာ များ၊ ပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့် အဆင့် မြင့်နည်းပညာ အသုံးပြုစက်ကိရိယာများ ခင်းကျင်းပြသထားရှိမှု၊ China’s Training Base For World Skills Competition Information Network Cabling အတွင်း ကေဘယ်ဆိုင်ရာ လေ့ကျင့်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
လက်တွေ့စမ်းသပ်ပြသ
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကြရာ တက္ကသိုလ်ပါတီ အတွင်းရေးမှူးဖြစ်သူ Mr. Teng Jiahua နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် တက္ကသိုလ်ရှိ AI နည်းပညာစမ်းသပ်ခန်း အတွင်း၌ တက္ကသိုလ်ဆိုင်ရာ ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ Video Clip ဖြင့် ဖွင့်လှစ်ရှင်းလင်းပြသသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်ဖြစ်သူ Mr. Liu Yanwen က AI နည်းပညာဆိုင်ရာ ဆောင်ရွက်ချက်များကို လက်တွေ့ စမ်းသပ်ပြသသည်။
မေးမြန်းဆွေးနွေး
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ် အတွင်းရှိ UAV နှင့် Drone နည်းပညာအသုံးပြု လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ကင်းထောက်နိုင်မှု စွမ်းရည်များအား သင်ကြားပို့ချမှုဌာန၊ လူသားအစားထိုး အဆင့်မြင့်စက်ရုပ်နည်းပညာ၊ အာရုံခံစနစ် အသုံးပြုမှု နည်းပညာအသုံးချမှုစနစ်အား သင်ကြားပို့ချမှုဌာနတို့သို့ လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက္ကသိုလ် ပါတီအတွင်းရေးမှူးတို့ သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြပြီး တက္ကသိုလ်မှ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ ကူမင်းသိပ္ပံနှင့် နည်းပညာ တက္ကသိုလ်ကို ၁၉၅၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ် ပြီး နှစ်ပေါင်း ၇၀ သက်တမ်းရှိပြီဖြစ်ကာ အင်ဂျင်နီယာဘာသာရပ်ကို အဓိကထား၍ သင်ကြားပို့ချလျက်ရှိသည့် တက္ကသိုလ် တစ်ခုဖြစ်ကြောင်း၊ ထို့ပြင် တက္ကသိုလ်ဝင်းအတွင်း၌ ဆေးဝါး၊ စိုက်ပျိုးရေး အစား အစာ၊ ဇီဝ၊ နည်းပညာများနှင့် သက်ဆိုင် သည့် ဘာသာရပ်များကိုလည်း သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ လက်ရှိအချိန် တွင် နိုင်ငံနှင့် ဒေသပေါင်း ၄၉ ခုမှ တက္ကသိုလ်များနှင့် သုတေသနစင်တာပေါင်း ၁၉၀ နှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် ၂၄၅ ခုကို လက်မှတ်ရေးထိုးထားရှိပြီး ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ အတွက် အင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှု စွမ်းရည်သင်တန်းများကို ဖွင့်လှစ်ပေး ခြင်း၊ နည်းပညာများ သင်ကြားပေးခြင်းနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများအတွက် အဆင့်မြင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သုတေသနနှင့် ဖလှယ်မှုများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments