နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning နှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် နိုဝင်ဘာ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning နှင့် ယနေ့ညနေပိုင်းတွင် ကူမင်းမြို့ရှိ Haigeng Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား တရုတ် ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီ ကော်မတီအတွင်းရေးမှူးက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး
ထို့နောက် တွေ့ဆုံဆွေးနွေးရာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ယူနန်ပြည်နယ်မှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုအပ်ပါကြောင်းဖြင့် ဦးစွာပြောကြားပြီး ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်နေမှုအခြေအနေ များနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ဆောင်ရွက်လျက်ရှိမှု၊ တရုတ် နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား သံတမန်ရေးအရ၊ စီးပွားရေးအရ ကူးလူးဆက်ဆံ ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်၍ နယ်ပယ်အလိုက် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံဖြတ် ကျော်မှုခင်းတိုက်ဖျက်မှုများကို အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံ သဘောတူညီပြီး ဖြစ်သည့် စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေး ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ မိမိတို့ကိုယ်စားလှယ်အဖွဲ့အား ယူနန်ပြည်နယ်မှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဧည့်ဝတ် ကျေပွန်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် သံတမန် ဆက်ဆံမှု ၇၅ နှစ် စိန်ရတုကာလသို့ မကြာမီရောက်ရှိတော့မည်ဖြစ်ပြီး နှစ်နိုင်ငံအကြားနက်ရှိုင်း သည့် ဆက်ဆံရေးကောင်းများရှိကာ အိမ်နီးချင်းကောင်း နိုင်ငံများဖြစ်ကြောင်းဖြင့် ပြောကြားပြီး နှစ်နိုင်ငံအကြားခွဲခြား၍မရသည့် ဆက်ဆံရေးကောင်းကို ပိုင်ဆိုင်ထားပြီးဖြစ်သကဲ့သို့ ယူနန် ပြည်နယ်နှင့် မြန်မာနိုင်ငံသည်လည်း ခွဲခြား၍မရနိုင်ဘဲ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်သွားရန် လိုအပ်မှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှသာလျှင် သွင်းကုန်၊ ပို့ကုန်ကဏ္ဍကို ပိုမိုဆောင်ရွက်နိုင် မည်ဖြစ်ပြီး စီးပွားရေးအရ ကူးလူးဆက်သွယ်မှုကို ပိုမိုအကောင်အထည်ဖော် နိုင်မည်ဖြစ်သဖြင့် နှစ်နိုင်ငံ အကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်း၍ အရှိန် မြှင့်တင် ဆောင်ရွက်သွားရန်လိုအပ်မှု၊ ကမ္ဘာတစ်ဝန်း၌ တိုးတက်လာသည့် လူဦးရေနှင့်အတူ ကြုံတွေ့ လာရသည့် စားရေရိက္ခာလိုအပ်ချက်အား မြန်မာနိုင်ငံအနေဖြင့် ဖြည့်ဆည်းပေးနိုင်မည့် အရင်း အမြစ်ကောင်းများစွာ ပိုင်ဆိုင်ထားသည့်အတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုများတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ သစ်တောထွက် သယံဇာတများကို အခြေခံသည့် စက်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် လိုမှု၊ ထို့ပြင် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုတို့အပါအဝင် အခြားသော ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားရန် မြန်မာနိုင်ငံဘက်မှအသင့်ရှိသည့် အခြေအနေများ နှင့် နှစ်ဖက်ကူးလူး ဆက်ဆံသွားလာရေးတွင် လုံခြုံချောမွေ့ရေးအတွက် ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေး ပြောကြားသည်။
နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး
ထို့နောက် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် လျှပ်စစ် စွမ်းအင်ထုတ်လုပ်မှု ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လူသား အရင်းအမြစ် လေ့ကျင့်မွေးထုတ်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာကြသည့် အရာရှိကြီးများ နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးနှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် အမြဲတမ်းကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ခရီးစဉ်တွင် လိုက်ပါလာကြသည့် အဖွဲ့ဝင်များသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန် ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူးက တည်ခင်းဧည့်ခံသည့် ညစာကို အတူတကွ သုံးဆောင် ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments