နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဆူးလေဆိပ်ကမ်းတံတားနှင့် ဝါးတန်း ဆိပ်ခံတံတားရှိ သိုလှောင်ရုံများအား ကြည့်ရှုစစ်ဆေး




ရန်ကုန် နိုဝင်ဘာ ၅

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်း တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ စီမံ ခန့်ခွဲလျက်ရှိသည့် ဆူးလေဆိပ်ကမ်း တံတားနှင့် ဝါးတန်းဆိပ်ခံတံတားများသို့ ရောက်ရှိပြီး ကုန်တင်၊ ကုန်ချလုပ်ငန်းများ နှင့် ဆိပ်ကမ်းရှိ သိုလှောင်ရုံများတွင် ကုန်ပစ္စည်းများသိုလှောင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


ကုန်စည်များလုံခြုံမှုရှိစေရေး

ဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့်ဝန်ကြီးဌာနမှ တာဝန် ရှိသူများ နှင့်အတူ ဆူးလေဆိပ်ကမ်းသို့ရောက်ရှိရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အင်ဂျင်နီယာချုပ်က သိုလှောင်ရုံများ ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်း ဆောင်ရွက်ထားရှိမှုအခြေအနေ နိုင်ငံတော်နှင့်ဌာန ဝင်ငွေရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိပြီဖြစ်၍ မြန်မာ့ လယ်ယာထွက်ကုန်ပို့ကုန်များ ရန်ကုန်ဆိပ်ကမ်းမှတင်ပို့ရာတွင် ဆူးလေဆိပ်ကမ်းတံတားကို အဓိကထား သုံးစွဲကြရသည်ဖြစ်၍ ဆူးလေဆိပ်ကမ်းတံတားအနေဖြင့် ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် မြင့်မားရေး အလေးထားဆောင်ရွက်ကြရန်၊ ကုန်စည်များ တင်ပို့ရာ တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံမှုရှိစေရေး အလေးထားဆောင်ရွက်ကြရန်၊ ဆိပ်ကမ်းလုပ်ငန်း သည် နိုင်ငံ့လူမှုစီးပွား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင် ဝန်ဆောင်မှုပေး သည့် လုပ်ငန်းဖြစ်ရာ ဌာနပိုင်၊ ပုဂ္ဂလိကပိုင် ဆိပ်ခံတံတားများ ကြံ့ခိုင်ကောင်းမွန်နေ စေရေးအတွက် လည်း စဉ်ဆက်မပြတ်စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရန်၊ ဆိပ်ကမ်းဧရိယာအတွင်း လုံခြုံရေးနှင့် မီးဘေးလုံခြုံရေးကိုလည်း အထူးဂရုပြု ဆောင်ရွက်ကြရန် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေး သည်။ ဆက်လက်၍ ဆူးလေဆိပ်ကမ်း အမှတ်(၁)၊ (၂)၊ (၃) တွင် ရော်ဘာ Fender တပ်ဆင်နေမှုများအား စစ်ဆေးကြည့်ရှု ပြီး အရည်အသွေးကောင်းမွန်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အထူးဂရုပြုဆောင်ရွက်ကြ ရန်နှင့် နိုင်ငံတကာဆိပ်ကမ်းဖြစ်၍ နိုင်ငံခြားအလံတင် သင်္ဘောများ အန္တရာယ်ကင်းရှင်းရေး ဂရုပြု ဆောင်ရွက်ရန် မှာကြားသည်။


ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လမ်းမတော်ဆိပ်ကမ်းဧရိယာသို့ ရောက်ရှိပြီး မြန်မာ့ မီးရထား ဝါးတန်းကုန်ရုံရှိ သိုလှောင်ရုံများနှင့် မီးရထားလမ်း အခြေအနေများကို လည်းကောင်း၊ ပြည်တွင်းခရီးစဉ်ရေယာဉ်များ ဆိုက်ကပ် သည့် ဆိပ်ခံဗောတံတားများ၊ ရန်ကုန် မြစ်တစ်ဖက်ကမ်းသို့ သွားလာသည့် သမ္ဗန်ဆိပ်များနှင့် ဆိပ်ကမ်းသိုလှောင်ရုံများသို့လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.