ဒုတိယဝန်ကြီး ဦးအေးကျော် ဓာတ်အားထုတ်ပစ္စည်းများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့မှုများနှင့် ပြုပြင်နေမှုကြည့်ရှုစစ်ဆေး



နေပြည်တော်     နိုဝင်ဘာ     ၅


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ကယားပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးနှင့်အတူ နိုဝင်ဘာ ရက် နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ရောက်ရှိပြီး အကြမ်းဖက် သောင်းကျန်းသူများကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်းအတွင်းရှိ ရုံးနှင့် ဝန်ထမ်းအိမ်ရာများပြုပြင်ရန် လိုအပ်မှုနှင့် ၃၃ကေဗွီ ရွာတန်းရှည်ဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် ဆွိယာဒ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားလွှတ်ပစ္စည်းများနှင့် ကေဘလ် ဝါယာကြိုးများ ဖျက်ဆီးခိုးယူခံခဲ့ရမှု ကို ကြည့်ရှုစစ်ဆေးသည်။

        

ယင်းနောက် ၃၃ကေဗွီ ဧက(၅၀၀) ဓာတ်အားခွဲရုံတွင် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဓာတ်အား ပုံမှန်ပြန်လည်ရရှိရေး အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ကြရန်၊ လျှပ်စစ် အန္တရာယ်မရှိစေရေး စစ်ဆေးဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအားလုံး လုံခြုံရေး အသိ၊သတိဖြင့် နေထိုင် ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများကို ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာ များပေးအပ်ခဲ့ကာ ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ၁၃၂ကေဗွီ လွိုင်ကော်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်း များထိခိုက် ပျက်စီးခဲ့မှုအခြေအနေနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို  လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီး၍ ဓာတ်အားပြန်လည်လက်ခံပို့လွှတ် နိုင်ရေးဆောင်ရွက် ကြရန် မှာကြားသည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လောပိတရှိ ဘီလူးချောင်းဓာတ်အားပေးစက်ရုံသို့ သွယ်တန်း ထားသည့် ရေသွယ်မြှောင်းအား ရေနည်းရာသီတွင် ပြန်လည်ပြင်ဆင်ရေး၊ တောင်ကျရေများ ဓာတ်အားပေး စက်ရုံသို့ စီးဆင်းဝင်ရောက်မှုမဖြစ်ပေါ်စေရေး ယာယီရေထိန်းတမံပြုလုပ်ပြီး ရေလမ်းကြောင်းလွှဲထားမှုအား ဆက်လက်လုပ်ဆောင်သွားရမည့် အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ရေသွယ်မြှောင်းအား ပွင့်လင်း ရာသီတွင် အမြန်ဆုံးပြန်လည် ပြုပြင်တည်ဆောက်နိုင်ရေးဆောင်ရွက်ရန်၊ ယာယီမြေထိန်းတမံအား ရေရှည် ခိုင်ခံ့မှုရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များ ပူးပေါင်းဆောင်ရွက် ပေးသည်။   


ယင်းနောက်အမှတ်(၂) ဘီလူးချောင်းဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ စက်ရုံအတွင်း တောင်ကျရေစီးဆင်း ဝင်ရောက်မှုများကြောင့် ဓာတ်အားပေးစက်များ၊ ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်းများနှင့် လျှပ်စစ် တာဝါတိုင်များ ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေနှင့် ပြုပြင်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများ နှင့် အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး စက်ရုံဝန်ထမ်းများကိုထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

 

No comments

Powered by Blogger.