ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသ၏ State of Conservation Report ကို ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ အချိန်မီ တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိ
နေပြည်တော် နိုဝင်ဘာ ၅
ဆဌမအကြိမ် ပုဂံဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (BAGAN COM) အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (BAGAN COM) အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ State of Conservation Report ကို ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ အချိန်မီ တင်ပြနိုင်ရေးအတွက် Bagan Com အဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဝန်ထမ်းများအနေဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
ပုဂံရှေးဟောင်းအမွေအနှစ်ဒေသတွင် ရှေးဟောင်းအဆောက်အအုံပေါင်း ၃၈၃၇ ခု ရှိပါကြောင်း၊ ပုဂံကမ္ဘာ့အမွေ အနှစ်ဒေသနှင့် ပတ်သက်သည့် State of Conservation Report ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီ ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြနိုင်ရေးနှင့် တိုးပွားလာသည့် လူဦးရေအတွက် မပြီးပြတ်သေးသည့် Conceptual Regional Plan ကိုလည်း ပြီးပြတ်အောင် ဆက်လက်ရေးဆွဲရန် ယခုအစည်းအဝေး တက်ရောက်လာသူများက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်တို့က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ဆောင်ရွက်နေမှု၊ ရွှေစည်းခုံစေတီတော် Master Plan ရေးဆွဲနိုင်ရေး ဆောင်ရွက်နေမှု၊ ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသ၏ State of Conservation Report ကို ကမ္ဘာ့အမွေ အနှစ်ကော်မတီသို့ အချိန်မီ တင်ပြနိုင်ရေး ဆောင်ရွက်နေမှု၊ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသခံပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်း ပိုမိုဖွံ့ဖြိုးတိုး တက်လာမှုနှင့် တန်ဖိုးမဖြတ်နိုင်သည့် ပုဂံယဉ်ကျေးမှုအမွေအနှစ် ပြယုဂ်များကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် လိုအပ်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပဉ္စမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက် ၁၉ ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ အစည်းအဝေးအမှာစာများ၊ ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေမှုများကို ဝိုင်းဝန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments