မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၈/၂၀၂၄) သင်တန်းဖွင့်
နေပြည်တော် နိုဝင်ဘာ ၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာနည်းပြဆရာဖြစ်သင်တန်းအမှတ်စဉ် (၈/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ တိုးချဲ့ ရုံးအဆောက်အဦ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အဆင်သင့်ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းများပြုစုရာတွင် ဥပဒေနှင့်အညီဖြစ်စေရေး၊ မဲစာရင်းများမှန်ကန်ရေးနှင့် လူတစ် ဦးတည်း ၂ ကြိမ်ထပ်၊ ၃ ကြိမ်ထပ်နေမှုများ မဖြစ်စေရေးအတွက် Admin DEO Software နှင့် CVLMS Software များရေးဆွဲပြုစုလျက်ရှိကြောင်း၊ ယခုသင်တန်းသည် ကျင်းပပြုလုပ် မည့် ရွေးကောက်ပွဲအတွက် မဲပေးစက် MEVM စက်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်သည့် သင်တန်းဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပြသပေးမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့် ၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တာဝန်ခံ ဦးခင်မောင်ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတာဝန်ရှိသူများနှင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ သင်တန်းသား ၂၄ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments