မူဝါဒအညွှန်းကိန်းများသည် မြန်မာနိုင်ငံရှိ MSME များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်
နေပြည်တော် နိုဝင်ဘာ ၅
အာဆီယံ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ မူဝါဒဆိုင်ရာ အညွှန်းကိန်း (၂၀၂၄)အရ မြန်မာအငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ မူဝါဒအညွှန်းကိန်းနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းဆွေး နွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအေဂျင်စီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရင်မောင်ညွန့်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း သုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ဆက်စပ် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academyမှ ဒုတိယ ပါမောက္ခချုပ်၊ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက အာဆီယံအငယ်စားနှင့် အလတ်စား မူဝါဒဆိုင်ရာ အညွှန်းကိန်း ထုတ်ပြန်မှု အရ ဆောင်ရွက်ရမည့်အချက်များကို နိုင်ငံတော်၏စီးပွားရေးမူဝါဒများနှင့်အညီ ပြန်လည် သုံးသပ်၍ ဆောင်ရွက်ခြင်းဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် ရလဒ်များ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မူဝါဒအညွှန်းကိန်း များသည် မြန်မာနိုင်ငံရှိ MSME များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သဖြင့် အကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက အာဆီယံအငယ်စားနှင့် အလတ်စားမူဝါဒဆိုင်ရာ အညွှန်းကိန်း (၂၀၂၄)တွင် မြန်မာနိုင်ငံ၏ရလဒ်များ၊ အာဆီယံအငယ်စားနှင့် အလတ်စား မူဝါဒဆိုင်ရာအညွှန်းကိန်း (၂၀၁၄)အရ မြန်မာနိုင်ငံ၏ရလဒ်များ၊ အာဆီယံအငယ်စားနှင့် အလတ်စားမူဝါဒဆိုင်ရာ အညွှန်းကိန်း (၂၀၁၈)အရ မြန်မာနိုင်ငံ၏ရလဒ်များ၊ မူဝါဒများအပေါ် ဆန်းစစ်ရမည့်အချက်(၈)ချက်နှင့်ပတ်သက်၍ ဆက်လက်ညှိနှိုင်းဆွေးနွေးရမည့် အခြေခံ အချက်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် မူဝါဒအညွှန်းကိန်းများ တိုင်းတာစစ်ဆေးရမည့်အချက်များကိုအဖွဲ့များ ခွဲ၍ဆွေးနွေးကြပြီး ရလဒ်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများက အကြံပြု ဆွေးနွေး ကြသည်။
(သတင်းစဉ်)
No comments