နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်းသီးနှံများ လျာထားဧကပြည့် စိုက်ပျိုးရေးစီမံဆောင်ရွက်
နေပြည်တော် နိုဝင်ဘာ ၅
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ညနေပိုင်းက နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ် ဆီးဖြူပင်အုပ်စု သစ်ဆိမ့်ပင်ကျေးရွာ စနစ်ကျ လယ်ယာမြေ (၉၅)ဧကတွင် ဆောင်းသီးနှံ မတ်ပဲ နှင့် ကုလားပဲ စိုက်ပျိုးမည့် တောင်သူ့ စိုက်ကွင်းကို စက်မှုလယ်ယာဦးစီးဌာနက ထွန်စက်ကြီးများဖြင့် မြေပြင်ထွန်ယက် ပေးနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ အဆိုပါ မြေပြင်ထွန်ယက်ခြင်းအတွက် သက်ဆိုင်ရာတောင်သူများက စက်မောင်းဆီကျခံပေးပြီး စက်မှုလယ်ယာဦးစီးဌာနပိုင် ထွန်စက်ကြီး များဖြင့် အခမဲ့ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပေါင်းလောင်း လက်ယာမြောင်းရေသောက်စနစ်ရှိ ရေပေးမြောင်းများ၊ ရေနုတ်မြောင်းများ ပြုပြင်ပြီးစီးမှု၊ ရေသောက်စနစ်အတွင်း ဆောင်းသီးနှံများစိုက်ပျိုးထားရှိမှုနှင့် ပေါင်းလောင်းရေလွှဲဆည် သန့်ရှင်းရေး လုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆောင်းသီးနှံများ လျာထားဧကပြည့် စိုက်ပျိုးနိုင်စေရေး၊ ပန်းတိုင်အထွက်ရရှိရေး စိုက်ပျိုးရေဖူလုံစွာပေးဝေနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး မှာကြားသည်။
ယင်းနောက် ပေါင်းလောင်ရေလှောင်တမံသို့ ရောက်ရှိပြီး စက်တင်ဘာလအတွင်း ဆည်ရေပြည့်မှတ် ကျော်လွန်ရေဝင်ရောက်ခဲ့မှုတွင် ရေပိုလွှဲမှ ရေထုကြီးမားစွာကျော်ကျခဲ့သဖြင့် ထိခိုက်ခဲ့သည့် ရေကျနေရာကို ကြည့်ရှုစစ်ဆေးပြီး တမံဘေးကင်းလုံခြုံရေးအတွက် လိုအပ်သော ပြင်ဆင်မွမ်းမံမှုများ အချိန်နှင့် တပြေးညီ ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံမှုရှိစေမည့် ဒီဇိုင်းပုံစံအသုံးပြုဆောင်ရွက်ရန်နှင့် အခါမဲ့ မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်များအရ တမံများနှင့် ရေလွှဲဆည်တို့တွင် ကြိုတင်ဆောင်ရွက်ရန် ကိစ္စရပ် များကို ဆွေးနွေး မှာကြားသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခဲ့သော်လည်း သက်ဆိုင်ရာ ဌာနများနှင့် တောင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် မိုးစပါး စိုက်ခင်းများ၊ ပျက်စီးခဲ့သည့် စိုက်ခင်းများနေရာတွင် မြေပြင်ထွန်ယက်ပြီး ဆောင်းသီးနှံစိုက်ပျိုးရန် ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments