ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၅) ကျင်းပ



နေပြည်တော် ဇန်နဝါရီ ၃၁


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၅)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အစည်းအဝေးသို့ ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူး ဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။


ဦးစွာ ယာယီသမ္မတ(တာဝန်) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို သက်တမ်းတိုးတာဝန်ယူခဲ့သည့် ၆ လတာကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။


နိုင်ငံတော်၏ကာကွယ်ရေးနှင့် လုံခြုံရေးအခြေအနေ

ထိုသို့တင်ပြရာတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အဆိုပါအချိန်က နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ကိုက်ညီပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ် ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ ပထမဆုံးဖြစ်သည့် “လွတ်လပ် ပြီး တရားမျှတသော ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ် အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” ဆိုသည့်အချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် မြို့/ရွာများကို အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်ပြီး နယ်မြေဒေသတည်ငြိမ် အေးချမ်းမှုမရှိအောင် ဖန်တီးလျက်ရှိကြောင်း၊ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့်လည်း အဆိုပါအခြေအနေကို အခွင့်ကောင်းရယူပြီး နယ်မြေချဲ့ထွင်နိုင်အောင် ကြိုးပမ်းနေ သည်ကိုတွေ့ရကြောင်း၊ ၆ လတာကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုအမျိုးမျိုးကြောင့် ထိခိုက်သေဆုံးပျက်စီးမှုကို ကြည့်မည်ဆိုပါက အပြစ်မဲ့ပြည်သူ/ နိုင်ငံ့ဝန်ထမ်း ၃၈၃ ဦး သေဆုံးခဲ့ရ ကြောင်း၊ ပညာရေး/ကျန်းမာရေးနှင့် လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံအဆောက်အဦ ၅၁၆ လုံးတို့ကို ဖျက်ဆီးခြင်းခံခဲ့ရကြောင်း၊ အစီရင်ခံသည့် ကာလ အတွင်း ကချင်ပြည်နယ်တွင် KIA အကြမ်းဖက် သောင်းကျန်းသူများက PDF များနှင့် ပေါင်း၍ တရုတ် - မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်ဒေသ၊ ကရင် ပြည်နယ်တွင် KNU အကြမ်းဖက်သောင်းကျန်းသူများ သည် PDF များနှင့်ပေါင်း၍ ကရင်ပြည်နယ်၊ ကတိုင်တိဒေသ၊ မဲပလီဒေသ၊ အနန်းကွင်းဒေသ၊ ကော့ကရိတ်ဒေသ၊ ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများသည် PDF များနှင့် ပေါင်း၍ မကွေးတိုင်း-ရခိုင်ပြည်နယ်အစပ်၊ ပဲခူး တိုင်း- ရခိုင်ပြည်နယ်အစပ်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်ဒေသများတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ချင်းပြည်နယ်တွင် CNF သောင်းကျန်းသူများသည် PDF များနှင့် ပူးပေါင်း၍ မင်းတပ်၊ ကန်ပက်လက်နှင့် ဖလမ်းမြို့တို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း။


အဆိုပါ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေမှုသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုကြောင့် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရမှုအပေါ်တွင် မဲမသမာမှု ပြုလုပ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းအချို့က လူထု၏ စိတ်ခံစားချက်ကို အသုံးချပြီး သွေးထိုး လှုံ့ဆော်မှုများပြုလုပ်ခဲ့ခြင်းက အစပြုခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း EAO များအနေဖြင့်လည်း နိုင်ငံ၏ နိုင်ငံရေးအကျပ် အတည်းပေါ်တွင် အခွင့်ကောင်း ယူပြီး တိုင်းရင်းသားရေး၊ နိုင်ငံရေးအကြောင်းပြချက်များနှင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အစွန်းရောက်ယူဆချက်များနှင့် ၎င်းတို့လှုပ်ရှား သည့် နယ်မြေများတွင် လှုံ့ဆော်အားပေးမှုများပြုလုပ်ခဲ့ကြောင်း၊ ပြည်တွင်းပြည်ပမှ နိုင်ငံတော် အကျိုးကို မလိုလားသည့် ပြည်ဖျက်မီဒီယာများနှင့်ပူးပေါင်းပြီး မဟုတ်မမှန် သတင်းများကိုလည်း ဝါဒဖြန့်ခဲ့ကြကြောင်း၊ နိုင်ငံတစ်ဝန်းလုံး အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် အချိန်ကိုက် ဟန်ချက်ညီညီဖြင့် လှုံ့ဆော်ခဲ့သည်ကို တွေ့ရကြောင်း၊ ထို့ပြင် ဆင်ခြင်တုံ တရားရှိသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကိုလည်း ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်းနှင့် ဖိအားပေးခြင်း များ ပြုလုပ်ခဲ့ကြကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာပြီး ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများနှင့် ပြည်သူပိုင်အဆောက်အဦများစွာ ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါဖြစ်ရပ်များ၏ အကျိုးမည်သူများ ရရှိခံစားရပါသလဲ၊ မည်သူမျှမရပါ ကြောင်း၊ နိုင်ငံ၏ဆုံးရှုံးမှုများသာဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို လိုလားပါသည်ဟုဆိုပြီး လှုံ့ဆော် အားပေးနေသည့် နိုင်ငံများ၊ လူပုဂ္ဂိုလ်များ စဉ်းစားကြရန်လိုကြောင်း၊ ဥပမာတစ်ခုအနေဖြင့် ပေးရမည်ဆိုပါက ပြီးခဲ့သည့် နှစ်က လွိုင်ကော်မြို့ကို KNPP ၊ PDF အဖွဲ့များ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့မှ တက္ကသိုလ်အဆောက်အဦများ ထိခိုက်ပျက်စီးပြီး ကျောင်းပိတ် ခဲ့ရကြောင်း၊ လွိုင်ကော်တက္ကသိုလ်မှ အဆောက်အဦ ၄၄ လုံး ပျက်စီးခဲ့ပြီး ၎င်းတို့ကိုပြုပြင်ရန် ငွေကျပ် ၉ ဘီလီယံခန့် ကုန်ကျရန်ရှိကြောင်း၊ အဆိုပါ ကုန်ကျစရိတ်သည် မူလတန်းကျောင်းအသစ် များစွာ ဆောက်လုပ်နိုင်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစွာ ဆောင်ရွက်ပေးနိုင်ကြောင်း၊ တက္ကသိုလ်တစ်ခုတည်း၏ ပျက်စီးမှုကိုသာ တွက်ချက်ထားခြင်း ဖြစ်ကြောင်း၊ ကျန်တက္ကသိုလ်၊ ကျောင်းများ၊ ဈေး၊ ပြည်သူတို့၏ပိုင်ဆိုင်မှုများပါ ထည့်သွင်းတွက် ချက်ပါက ဘီလီယံပေါင်းများစွာရှိဦးမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအကြောင်းပြပြီး မိုက်မဲစွာ ဆောင်ရွက်မှုကြောင့် ဒေသခံများသာ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စွန့်လွှတ် စွန့်စားစွာဖြင့် အဆိုပါအကြမ်းဖက်သမားများကို ရှင်းလင်းခဲ့ရကြောင်း။


ဒေသတစ်ခု တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ဖွံ့ဖြိုး တိုးတက်မှုနောက်ကျအောင် လုပ်နိုင်စွမ်းရှိသူများသည် အဆိုပါဒေသတွင် နေထိုင်ကြသည့် ဒေသခံများနှင့် ဒေသခံအကြမ်းဖက်သမားများသာဖြစ်ကြောင်း၊ ထိုသို့လက်နက်ကိုင်သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် ပြည်သူ အားလုံးကရှုတ်ချနေကြပြီး ရပ်တန့်သွားအောင် တပ်မတော်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်း ရေးကို လိုလားသည့် ဒေသခံပြည်သူနှင့်ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လုံခြုံရေးနှင့်ပတ်သက်ပြီး ပြည်သူတစ်ဦးချင်းစီနှင့် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး လုံခြုံရေးအသိရှိရှိ ဆောင်ရွက်နိုင်ရန် ပြည်သူ့ လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်ခြင်းကြောင့် အများပြည်သူ လုံခြုံရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေး အတွက် ပြည်သူ့လုံခြုံရေးလုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ပြည်သူများအနေဖြင့် သတင်းများပေးကြရန်လိုကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ဖြစ် သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေ ခြင်းကြောင့် ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေကျင်းပပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် အဘက်ဘက်မှ ပြင်ဆင်မှုများကို အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် စစ်မှန်သည့် ပြည်သူ့ ဆန္ဒကိုဖော်ပြနိုင်ရန် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ဆန္ဒမဲ မည်မျှပေးမှသာ ရွေးကောက်ပွဲဖြစ်မြောက်မည်ဟု ပြဋ္ဌာန်းထားခြင်းမရှိသည်ကိုလည်း တွေ့ရပါ ကြောင်း၊ ပြည်သူလူထု၏ စစ်မှန်သည့်လိုလားချက်ဖြစ်သော ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူ လူထုကသာ စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ စည်းစနစ်ကျနမှုရှိပြီး လွတ်လပ်ပြီးတရားမျှတမှု အပြည့်ရှိသည့် ရွေးကောက်ပွဲဖြစ်ရန်၊ သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ မကျန်ရအောင် အဖြစ်နိုင်ဆုံး ဆောင်ရွက်ပေးရန်လည်းလိုကြောင်း၊ အဆိုပါအချက် များဖြစ်ပေါ်ရန် နယ်မြေဒေသအလိုက် တည်ငြိမ်အေးချမ်းပြီးလုံခြုံမှုရှိရန် အရေးကြီးခြင်းကြောင့် တပ်မတော်နှင့်လုံခြုံရေး အဖွဲ့အစည်းများအနေဖြင့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ မိမိတို့ရည်မှန်းထားသည့် ဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မာမာဖြင့် လျှောက်လှမ်းနိုင်ရန် ရပ်ရွာဒေသများ အေးချမ်းသာယာရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူး ရေးကို ပြည်သူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုကြောင်း။


စိုက်မွေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး

မိမိတို့နိုင်ငံသည် အခြေခံအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ဆောင် ကြောင်း၊ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေကြပြီး လူဦးရေ၏ ၄၅ ဒသမ ၃ ရာခိုင်နှုန်းခန့်သည် လယ်ယာသားငါး၊ သစ်တောနှင့် နှီးနွှယ်သည့် အလုပ်များလုပ်ကြကြောင်း၊ ၅၀ ရာခိုင်နှုန်းကျော်သည် ပညာရေးအသင့်အတင့်သာရှိခဲ့ကြသည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို နည်းစနစ်တကျ ဆောင်ရွက်ရန် ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည် သဘာဝမှ ပေးထားသည့် ရာသီဥတုနှင့် မြေအနေအထား၊ တည်နေရာ အနေအထားအရ စိုက်ပျိုးရေးလုပ်ငန်း များနှင့် မွေးမြူရေးလုပ်ငန်းများ ကောင်းစွာဖြစ်ထွန်းနိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ သို့သော်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ဈေးနှုန်းကြီးမြင့်ခြင်းကို ကျော်လွှားနိုင်ရန် ပန်းတိုင် ရည်မှန်းချက် ပြည့်မီအောင်ဆောင်ရွက်ရန်၊ သီးထပ်စွမ်းအား ၂ ဆမှ ၃ ဆထိရအောင် ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း။


ပြည်တွင်းမှ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို မြှင့်တင်နိုင်ရန်နှင့် ပြည်ပမှတင်သွင်းကုန်များ လျှော့ချနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်မှသာ ၎င်းတို့ နှင့် ဆက်စပ်နေသည့် ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာနိုင်မည်ဖြစ် ကြောင်း၊ ပြည်ပမှတင်သွင်းကုန်များ လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုလည်း လျော့ကျလာစေ နိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်တွင်းငွေကြေး ခိုင်မာမှုရှိလာပြီး ကုန်ဈေးနှုန်းတည်ငြိမ်မှုကိုပါ ဖြစ်စေနိုင် ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကို ၂ ဆ တိုးမြှင့်နိုင်ရန် ကြပ်မတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။


စိုက်ပျိုးရေးထုတ်ကုန်များတိုးမြှင့်နိုင်ရန် စိုက်ပျိုးရေးလုပ်ငန်းမှထွက်ရှိသည့် ထွက်ကုန်များကို အခြေခံပြီး စက်မှုနည်းပညာများနှင့် ပေါင်းစပ် အသုံးပြုကာ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်မှစပြီး MSME လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ရန် နိုင်ငံအနှံ့သွားရောက်ပြီး တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ MSME လုပ်ငန်းတွင် ကုန်ကြမ်းရရှိရေး သည် အဓိကဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းအပေါ်မှာ အခြေခံရန် မူဝါဒပေးထားပြီး ထိုမှတစ်ဆင့် တန်ဖိုးမြင့်ကုန်ပစ္စည်းများထုတ်လုပ်ရေး၊ ပြည်ပသို့တင်ပို့ရေး၊ သွင်းအားစုများရရှိရေး၊ ဘဏ္ဍာငွေအကူအညီပေးရေး၊ လူသားအရင်းအမြစ်များရရှိရေးတို့ကို ဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မိရိုးဖလာနည်းလမ်းအတိုင်း ဆောင်ရွက်ခြင်းထက် ခေတ်မီနည်းပညာများကို အသုံးချနိုင်မှသာ အထွက်နှုန်း တိုးတက်လာမည်မှာ အသေအချာပင်ဖြစ်ကြောင်း။


မိမိတို့နိုင်ငံတွင် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရေးရာသီအတွင်း မိုးစပါးစိုက်ပျိုး ဧက ၁၄ ဒသမ ၈ သန်း ကျော်၊ နွေစပါးစိုက်ပျိုးဧက ၂ ဒသမ ၀၉ သန်းကျော်၊ ပြောင်းမျိုးစုံ စိုက်ပျိုးဧက ၂ ဒသမ ၁ သန်းကျော်၊ ဆီထွက်သီးနှံစိုက်ပျိုးဧက ၃ ဒသမ ၂ သန်းကျော်နှင့် ပဲမျိုးစုံ စိုက်ပျိုးဧက ၃ သန်းကျော် စိုက်ပျိုးပြီး ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးစီးသည့် စပါးအပါအဝင် သီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်ပါကလည်း အစာနှင့် ရေကို စနစ်တကျ တိုက်ကျွေးသည့်စနစ်ဖြင့် ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြုပြီး အောင်မြင်သော မွေးမြူရေးလုပ်ငန်းဖြစ်အောင် ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုအတွက် အခြေခံကောင်း များရှိပြီးဖြစ်သည့် အတွက် အောင်မြင်အောင်အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊ အထူးသဖြင့် ပြည်ပမှစားသုံးဆီ နှစ်စဉ် ဒေါ်လာသန်း ၅၀၀ ကျော်ဖိုး တင်သွင်းနေရသည်ကို ၂၀၂၆ ခုနှစ်တွင် လျှော့ချရန် စီမံကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဆီထွက်နှုန်းကောင်းသည့် နှမ်းကို ပန်းတိုင်ရည်မှန်းချက်ထွက်ရှိရေး၊ နေကြာတိုးချဲ့စိုက်ပျိုးပြီး ပြည်တွင်းဆီလိုအပ်ချက် ဖြည့်ဆည်းပေး နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း။


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အား ဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စက်မှုကဏ္ဍနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးတိုး တက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးတိုးတက် ရေးကော်မရှင်၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် တို့ကိုဖွဲ့စည်းခဲ့ကြောင်း၊ ဖွဲ့စည်းထားသည့် ကော်မရှင်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်ယူအကောင်အထည်ဖော်ကြရ မည်ဖြစ်သည့်အတွက် ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန် တိုက်တွန်းလိုကြောင်း။


ပညာရေးကဏ္ဍ

ပညာရေးကသာ လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်အရေအတွက် များများ ရှိမှသာ ကဏ္ဍအစုံတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ပညာရေး၏ သဘောသဘာဝအရ အခြေခံပညာ အလယ်တန်းအဆင့်ထိ သင်ယူပြီးမှသာ ဘဝတိုးတက်ရေးအတွက် လိုအပ်သည့် အတတ်ပညာများကို ဆက်လက်သင်ယူနိုင်မည်ဖြစ်ကြောင်း။


ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်း တက်ခွင့်ရပြီး ပညာသင်ကြားနိုင်ရေးသည် အရေးကြီး သည့် ကိစ္စရပ်ဖြစ်ကြောင်း တာဝန်ရှိသူများအနေဖြင့် ကျောင်းတက်နေသည့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာရေးဆုံးခန်းတိုင်သည်အထိ ပညာသင်ကြားနိုင်ရေး၊ တန်းစဉ် ကူးပြောင်းမှုများ တိုးတက်စေရေးနှင့် အသက်မွေး ဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာများကို သင်ယူပြီးမြောက်စေရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းတက်သင့်သည့် အချိန်တွင် ကျောင်းမတက်ရသည့်ကလေးများအနေဖြင့် ၎င်းတို့၏ဘဝကို များစွာနစ်နာစေသည့် အပြင် ဒေသနှင့်နိုင်ငံတိုးတက်ရေးကိုပါ ထိခိုက်စေကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အနာဂတ်အတွက် ကလေးအားလုံးကျောင်းနေပြီး ပညာသင်ကြားနိုင်ရေး ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဆရာ ဆရာမများ၊ မိဘများ၊ ရပ်မိရပ်ဖများ အားလုံးပူးပေါင်းပြီး လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း၊ အားပေးပံ့ပိုးခြင်း စသည့်နည်းလမ်းများဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်လို ကြောင်း၊ လာမည့်မတ်လတွင် ပြုလုပ်မည့် KG+12 တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် လျှောက်လွှာတင်သွင်းထားသူ ၂ ဒသမ ၂ သိန်းကျော်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စနစ်တကျ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က လုပ်ဆောင် လျက်ရှိကြောင်း။


ကျန်းမာရေးကဏ္ဍ

ကျန်းမာရေးနှင့်ပတ်သက်ပါက ပြည်သူတိုင်းကျန်းမာရန် အရေးကြီးကြောင်း၊ ကျန်းမာမှသာ ပညာ သင်ကြားခြင်းနှင့် လူမှုရေး၊ စီးပွားရေး စသည့်အလုပ်များ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဆိုသည့် မူဝါဒကိုချမှတ်ပြီး ဆေးရုံများအဆင့်မြှင့်တင်ခြင်း၊ ဆေးရုံများ အားလုံးတွင် ဆရာဝန်များရှိစေရေး ဆောင်ရွက်ပေး လျက်ရှိကြောင်း။


သဘာဝဘေးအန္တရာယ်ကဏ္ဍ

မိမိတို့ မြန်မာနိုင်ငံတွင်ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်း နှင့် ဆက်စပ်ဖြစ်ပွားသည့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုများကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၈ ခုရှိ မြို့နယ် ၁၀၆ ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ကြုံတွေ့ခဲ့ရသည့်ရေဘေးသည် ရေဘေးကြုံတွေ့ခဲ့ရသည့် ဒေသများတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း ယခုကဲ့သို့ အလွန်ဆိုးရွားသည့် အခြေအနေနှင့် မကြုံတွေ့ခဲ့ဖူးသည်ကို သိရှိရကြောင်း၊ ထိုသို့သဘာဝဘေး ကြောင့်ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ဆုံးရှုံးမှုများ၊ သေဆုံးမှုများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံးပြန်လည် ဆောင်ရွက်ပေးနိုင်ရေးအတွက် မိမိကိုယ်တိုင် သဘာဝဘေးဖြစ်ပွား ရာနေရာများအထိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ သဘာဝဘေးဒဏ်ခံစားနေရသည့် ပြည်သူများနှင့်တွေ့ဆုံပြီး အားပေးစကား များပြောကြားခဲ့ကြောင်း၊ စားသောက်ဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ မိမိအနေဖြင့် ယခု ကဲ့သို့ သဘာဝဘေးဖြစ်ပွားရသည့် အကြောင်းရင်း နှင့် ပြန်လည်တည်ဆောက်ရမည့်အခြေအနေများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ထိထိရောက်ရောက်ဖြင့် အမြန်ဆုံး ဆောင်ရွက်နိုင်အောင် ကြပ်မတ်ဆောင်ရွက်ခဲ့ ကြောင်း။


ထောက်ပံ့ပေးနိုင်မှုများအနေဖြင့် ယခုဖြစ်ပွားခဲ့သည့် သဘာဝဘေးအတွင်းတွင် သေဆုံးခဲ့ရသူဦးရေ ၄၄၀ ကျော်အတွက် ငွေကျပ် ၄၄၇ ဒသမ ၁ သန်း ထောက်ပံ့ပေးခဲ့ကြောင်း၊ လူနေအိမ်ပျက်စီးမှုများ အတွက် ငွေကျပ် ၂၁ ဒသမ ၂ ဘီလီယံကျော်နှင့် အခြားထောက်ပံ့ခြင်းများအဖြစ် ငွေကျပ် ၃၈ ဒသမ ၉ ဘီလီယံကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် တိုက်ပွဲရှောင်ပြည်သူများ အင်အားစာရင်း ကိုလည်း ပြုစုလျက်ရှိပြီး ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက်ကိုင်သောင်းကျန်းမှု ဖြစ်ပွားခြင်း ကြောင့် ပြည်သူများ၏ ဆုံးရှုံးမှုများသည်လည်း သဘာဝဘေးအန္တရာယ် သတ်မှတ်ချက်ထဲတွင် အကျုံးဝင်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် တိုက်ပွဲရှောင်ပြည်သူများကို ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အစိုးရက အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့သကဲ့သို့ နိုင်ငံတစ်ဝန်းက အလှူရှင်များ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများကလည်း တတ်နိုင်သရွေ့ ပါဝင် လှူဒါန်းခဲ့ခြင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်း၊ အများပြည်သူ များ၏ ပါဝင်လှူဒါန်းမှုကို ကြိုဆိုသည်ကို ပြောကြားလိုကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသားများ အနေဖြင့် ယခုကဲ့သို့ နိုင်ငံသားအချင်းချင်း သဘာဝဘေးတွေ့ကြုံရ ချိန်၊ အခက်အခဲများ တွေ့ကြုံ နေကြရချိန်တွင် မိမိတို့တတ်နိုင်သလောက် ပါဝင်ကူညီခဲ့ကြခြင်းသည် မိမိတို့ နိုင်ငံသားများအကြား တွင်ရှိနေသည့် ညီရင်းအစ်ကို စိတ်ဓာတ်၊ အမျိုးကိုချစ်သည့် စိတ်ဓာတ်များ ကို ဖော်ထုတ်ပြသ နိုင်ခြင်းဖြစ်ခြင်းကြောင့် မိမိတို့နိုင်ငံအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိသည်ကို ပြောကြား လိုကြောင်း။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်စတင်ထမ်းဆောင်ချိန် ကတည်းက နိုင်ငံအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်း ရေးရရှိရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကို ကြိုတင်သတ်မှတ်ချက် မထားဘဲ လွတ်လပ်စွာပြောဆိုဆွေးနွေးကြရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ ဖွဲ့စည်းထားသည့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအနေဖြင့် စတင်ဖွဲ့စည်း ချိန်မှ ယနေ့အချိန်အထိ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့(၇) ဖွဲ့၊ လက်မှတ်ရေးထိုးထားခြင်း မရှိသည့် အဖွဲ့(၆)ဖွဲ့တို့ ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း (၁၁၄)ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံရေး ပါတီများနှင့်(၂၁)ကြိမ်၊ ငြိမ်းချမ်းရေးလိုလားသည့် အခြားအဖွဲ့အစည်းများနှင့် (၁၀)ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများအရ လာမည့်လွှတ်တော်ကာလများတွင် အချို့ကိစ္စရပ် များကို လွှတ်တော်၌ ဆွေးနွေးနိုင်ရေးအတွက် သဘောတူညီမှုဆွေးနွေး ချက်များ ရရှိပြီးဖြစ်ကြောင်း၊ သဘောတူညီမှုများ ပိုမိုရရှိစေရေး တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။


၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင်လည်း နိုင်ငံတော်၏ လူသားအရင်းအမြစ်များ၊ အခြေခံ အဆောက်အအုံများ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ များစွာဆုံးရှုံးခဲ့ရသောကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ကြောင်း၊ ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှသာ လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိ သည့် ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိရန်အတွက် ချမှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း စဉ်ဆက်မပြတ် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်တွင် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အမြဲတမ်း ကြိုဆိုလမ်းဖွင့်ပေးထားသည်ကို ပြောကြားလိုကြောင်း။


ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့်

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး

တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေး လမ်းခင်းပေးခဲ့သကဲ့သို့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မြဲစေရန် ရွေးကောက်ခံ အစိုးရများနှင့် လက်တွဲဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူ လူထုလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်း နေခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲ တစ်ရပ်ကို မဖြစ်မနေ ကျင်းပပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် နိုင်ငံရေးပါတီများ ပါဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေနှင့် နည်းဥပဒေများကို ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည့် ဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ ပြန်လည်မှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီ ၅၀ ပါတီနှင့် ပါတီအသစ် တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၁၈ ပါတီရှိခြင်းကြောင့် စုစုပေါင်း ၆၈ ပါတီရှိပြီဖြစ် ကြောင်း၊ ဥပဒေနှင့်အညီ ပြန်လည်မှတ်ပုံတင်ခွင့် လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀ ပါတီအနေဖြင့် မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြန်လည်မှတ်ပုံတင်ခွင့်နှင့် အသစ်တည်ထောင်မှတ်ပုံတင်ခွင့် တင်ပြလာသည့် နိုင်ငံရေးပါတီ ၆၈ ပါတီအနက်မှ နိုင်ငံရေးပါတီ ၅၅ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီ ၂ ပါတီကို ဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့် ပယ်ဖျက်ခဲ့ သည့်အတွက် လက်ရှိ တည်ဆဲ နိုင်ငံရေးပါတီ ၅၃ ပါတီရှိကြောင်း၊ မိမိအနေဖြင့် ဒေသနှင့်တိုင်းရင်းသား များအကျိုးကို တရားဥပဒေနှင့်အညီ ဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေး စင်မြင့်တွင် ပိုမိုပါဝင်ရန်လိုအပ်သည်ဟု ခံယူထားသည့်အတွက် ယခုကဲ့သို့ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှု စုစုပေါင်း ၁၀ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ တွေ့ဆုံချိန်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုဆိုင်ရာ ကိစ္စရပ်များ၊ ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့်အတွက် ဖြစ်ပေါ်လာတဲ့ လေလွင့်ဆုံးရှုံးသည့်မဲများ မဖြစ်စေရေး မဲများသူ အနိုင်ရသည့်စနစ် (First Past The Post) FPTP စနစ်အပြင် မြန်မာနိုင်ငံနှင့် သင့်လျော် ပြီး ရိုးရှင်းလွယ်ကူသည့် စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ် (Closed List-PR)ကို ကျင့်သုံးရေး ရွေးကောက်ပွဲစနစ်ဆိုင်ရာ ပေါင်းစပ်ကျင့်သုံးရေး ကိစ္စရပ်များ၊ နိုင်ငံရေးပါတီများနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီဝင်အင်အား၊ ပါတီရုံးများ ဖွင့်လှစ်မှုအခြေ အနေများ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုနှင့် ပြည်တွင်း ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ စောင့်ကြည့်လေ့လာခွင့်ဆိုင်ရာ ကိစ္စရပ် များကို အပြန်အလှန်ဆွေးနွေးနိုင်ခဲ့ပြီး သဘောတူညီ ချက်များလည်း ရရှိပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် သဘောတူညီချက်များကို ခိုင်ခိုင်မာမာနှင့် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အရေးကြီးကြောင်း။


၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ NLD ပါတီမှ မဲမသမာမှု ပြုလုပ်သူများအနေဖြင့် မဲစာရင်းများကို ဖောင်းပွအောင်ဖန်တီးပြီး ၎င်းတို့နှင့်သက်ဆိုင်သည့် ရွေးကောက်ခံမဲဆန္ဒနယ် တစ်ခုတည်း၌သာ မဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးတရားမဲ့ အနိုင်ရရှိအောင် မဲမသမာမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရှိသည့် မြို့နယ်အားလုံးတွင် မဲမသမာမှုများအတွက် တာဝန်ရှိသူများသည် NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) များ ဖြစ်သည်ကို တွေ့ရကြောင်း၊ CEC ဖြစ်သည့် သူများသည် NLD ပါတီကို ကိုယ်စားပြုသူများပင် ဖြစ်သော ကြောင့် မဲမသမာမှုကို ပါတီလိုက် ကျူးလွန်ခဲ့သည်ဟု ယူဆနိုင်ကြောင်း။


ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ

မိမိအနေဖြင့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပေးနိုင်ရေး ဘက်ပေါင်းစုံကနေ စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံခြားခရီးစဉ်များ သွားရောက်ချိန်တွင်လည်း နိုင်ငံတကာမှ နိုင်ငံတော် အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံချိန်များတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်း များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံချိန်များတွင်လည်း ရွေးကောက်ပွဲတစ်ရပ်ကျင်းပရေး စီမံဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ထိုကဲ့သို့ ရှင်းလင်းပြောကြားခဲ့သည့်အတွက် နိုင်ငံတကာအနေဖြင့် မိမိတို့ ဦးဆောင်ကျင်းပပေးမည့် ရွေးကောက်ပွဲအပေါ် အပြည့်အဝအားပေးထောက်ခံမှုများ ရရှိခဲ့ပြီး ဖြစ်ကြောင်း။


ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံး ဆန္ဒမဲပေး နိုင်ရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေး အတွက် ပန်းခင်းစီမံချက် ၁ ၊ ၂ ၊ ၃ ကို ချမှတ်ပြီး စုစုပေါင်း ၅၉၈၀၆၆၄ ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရန်ကျန်ရှိနေသူများကိုလည်း ရွေးကောက်ပွဲကာလမတိုင်မီ အပြီးရရှိအောင် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း။


ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာမဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ ပယ်မဲ မရှိရေး၊ မဲမသမာမှု မပြုလုပ်နိုင်ရေးနှင့် ပွင့်လင်း မြင်သာမှုရှိစေရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine)နှင့် စပ်လျဉ်းသည့် ရှင်းလင်းပြသခြင်းများ၊ လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်း များ ဆောင်ရွက်ပေး လျက်ရှိကြောင်း။


လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်မှုအခြေအနေ

အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ခိုင်လုံ သည့်မဲစာရင်းများရရှိရေးသည် အရေးကြီးကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက် နေ့မှ ၁၅ ရက်နေ့အထိကောက်ယူခဲ့ပြီး လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေ များကြောင့် အချို့ဒေသများကို ရက်တိုးမြှင့်ကောက်ယူခဲ့ရ ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှု သည် နိုင်ငံအတွက် အကျိုးကျေးဇူးများစွာရရှိစေနိုင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ သန်းခေါင် စာရင်းမှရရှိလာသည့် အချက်အလက်များအပေါ်မူတည်ပြီး နိုင်ငံအကျိုးအတွက် အရေးကြီးသည့် စီမံကိန်းများ ဖော်ဆောင်ရန် အသုံးပြုနိုင်ကြောင်း။


၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှရရှိသည့် ရှေ့ပြေးလူဦးရေစာရင်း အရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ညတွင် မြန်မာနိုင်ငံအတွင်းရှိ လူဦးရေမှာ ၅၁၃၁၆၇၅၆ ဦး (၅၁ ဒသမ ၃ သန်းကျော်) ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရရှိသည့်စာရင်းအရ လူဦးရေ ၃၂၁၉၁၄၀၇ ဦး (၃၂ ဒသမ ၁၉ သန်းကျော်)နှင့် စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်း လူဦးရေ ၁၉၁၂၅၃၄၉ ဦး (၁၉ ဒသမ ၁ သန်းကျော်) ပါဝင်ကြောင်း၊ ကောက်ယူရရှိသည့် စာရင်းအရ အမျိုးသား ၁၅၁၀၅၂၁၅ ဦး (၁၅ သန်းကျော်)နှင့် အမျိုးသမီး ၁၇၀၈၆၁၉၂ ဦး (၁၇ သန်းကျော်)ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် အမျိုးသား ၄၆ ဒသမ ၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရကြောင်း၊ ယခုရရှိလာသည့် လူဦးရေဆိုင်ရာ အချက်အလက်များကို ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအတိုင်း ခိုင်လုံသည့်မဲစာရင်းများအဖြစ် စနစ်တကျ ပြုစုသွား မည်ဖြစ်ကြောင်း။


မိမိတို့နိုင်ငံ၏ လူဦးရေသည် လွန်ခဲ့သည့် ၁၀ နှစ်က လူဦးရေထက် အနည်းငယ်လျော့နည်းနေသည် ကို တွေ့ရှိရကြောင်း၊ လူဦးရေပြောင်းလဲခြင်းသည် မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရွှေ့ပြောင်းခြင်း ဆိုသည့် အကြောင်းရင်း ၃ ချက်ကြောင့် ဖြစ်နိုင်ကြောင်း၊ မိမိတို့နိုင်ငံ၏ အကျယ်အဝန်းနှင့် ယခုကောက်ယူရရှိသည့် လူဦးရေစာရင်းကို နှိုင်းယှဉ်ကြည့်ပါက လူဦးရေနည်းပါးသည်ဟု ယူဆရ မည်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ထိုက်သင့်သည့် လူဦးရေနှင့် နှစ်အလိုက်ထိုက်သင့် သည့် လူဦးရေတိုးတက်မှုနှုန်း ရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် ကလေးမွေးဖွားနှုန်း မြင့်မားလာရန်နှင့် သေဆုံးနှုန်းကျဆင်းစေရန် ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ တိုးမြှင့်ထောက်ပံ့ ခြင်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းခြင်းနှင့်ပတ်သက် ၍လည်း နိုင်ငံတော်၏ စီးပွားရေးအခြေအနေများ၊ နိုင်ငံရေးအခြေအနေများ တည်ငြိမ်မှုနှင့် တိုးတက် ကောင်းမွန်မှုရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရှိသင့်ရှိထိုက်သည့် လူဦးရေ ဖြစ်ပေါ်လာရန်အတွက် နိုင်ငံနှင့်ကိုက်ညီသည့် လူဦးရေမူဝါဒများကို ဆက်လက်ရေးဆွဲပြီး အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတိုင်း ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်နှင့် ရွေးကောက်ပွဲ ဥပဒေများနှင့်အညီ ဒေသအလိုက် လုံခြုံရေးအခြေအနေ အပေါ်မူတည်ပြီး ကျင်းပပြုလုပ်ပေးသွားရန် စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင်လည်း မဲစာရင်းများမှန်ကန်ရန်၊ လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့်၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်ရန်၊ နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာအကဲခတ်ရေးကိုယ်စားလှယ်အဖွဲ့များကို ဖိတ်ခေါ်ပြီး လာရောက်ကြည့်ရှု လေ့လာနိုင်စေရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပေးပြီး ပေါ်ပေါက်လာသည့် လွှတ်တော် အတွင်းတွင်လည်း တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေး အတွက်လည်း အချိုးကျကိုယ်စားပြုစနစ်(PR)ကို တိုင်းရင်းသား များကို ကိုယ်စားပြုနိုင်သည့် မဲဆန္ဒနေရာများ၊ အဖွဲ့အစည်းများတွင် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။


ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတစ်ဦးချင်း၏ ဆန္ဒသဘောထားကို လွတ်လပ်စွာ ထုတ်ဖော်ပြသခြင်းပင်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်အောင် ဆောင်ရွက်ပေးရ မည်မှာ နိုင်ငံတော်အစိုးရ၏ တာဝန်ဖြစ်ပြီး ဆန္ဒမဲပေးခြင်း၊ မပေးခြင်းမှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ခံယူချက်အရသာဖြစ်ကြောင်း၊ ဆန္ဒမဲပေးချိန်တွင် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စသည့်မတရားမှုများ ကင်းဝေးအောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဥပဒေအရနှင့် လူထုသဘောထား အမြင်အရ ပြည့်စုံကောင်းမွန်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပ နိုင်ရန်၊ မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုများမှ ကင်းဝေးစေရန်နှင့် သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ မှန်ကန်သည့်ရွေးကောက်ပွဲဖြစ်ရန် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲသည် ပြည်သူအများစု၏အမြင်ကို ထင်ဟပ်ပေါ်လွင်စေ သည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ကို လျင်မြန်စွာရောက်ရှိရန်အတွက် ရပ်ရွာဒေသ အလိုက် တည်ငြိမ်အေးချမ်းမှု ရှိရန်လိုကြောင်း၊ ထို့ကြောင့် လက်ရှိဆောင်ရွက်နေသည့် ပြည်သူ့လုံခြုံရေးစနစ်ကို အောင်မြင်အောင် ပြည်သူလူထုနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။


မိမိအနေဖြင့် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင် ကြုံတွေ့ရသည့် ဖြစ်စဉ်များအရ နိုင်ငံတစ်ခု၏ စနစ် တစ်ခုမှတစ်ခု ကူးပြောင်းမှုကို ဆောင်ရွက်ရာတွင် အဆိုပါနိုင်ငံ၏ ပထဝီဝင်အနေအထား၊ အမျိုးသား ရေး စရိုက်လက္ခဏာ၊ ယဉ်ကျေးမှုနှင့် အချိန်အခါတို့အပေါ်မူတည်ပြီး မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် စနစ်ကို ချဉ်းကပ်လျှောက်လှမ်းကြရမည်ဖြစ်သည်ကို လေ့လာတွေ့ရှိရကြောင်း၊ ထိုသို့မဟုတ်ဘဲ နိုင်ငံတကာက သတ်မှတ်ထားသည့် စံနှုန်းများအတိုင်း သို့မဟုတ် အင်အားကြီးနိုင်ငံများ၏ ဖိအားပေးစေခိုင်းမှုများအတိုင်း လိုက်ပါဆောင်ရွက်ခဲ့ပါက တည်ငြိမ်မှုကို ပိုမိုဆိုးရွားသွားစေနိုင် ကြောင်း၊ ဥပမာအနေဖြင့် အချို့သောနိုင်ငံများသည် ၎င်းတို့နိုင်ငံနှင့်  မကိုက်ညီသည့်စနစ်ကို အတင်း သွတ်သွင်းမှုများ၊ အထွေထွေရွေးကောက်ပွဲကို ဖိအားများကြောင့် အဆောတလျင် ကျင်းပခဲ့မှုများ ကြောင့် ယနေ့အချိန်အထိ နိုင်ငံရေးတည်ငြိမ်မှုမရသေးဘဲ အကျပ်အတည်းမျိုးစုံကြားတွင် ရုန်းကန် နေကြရသည်ကို တွေ့ရကြောင်း၊ နိုင်ငံတစ်ခု၏ ပြည်တွင်းရေးအခြေအနေကို အဆိုပါနိုင်ငံ တွင် နေထိုင်ကြသည့် ပြည်သူများကသာ အသိဆုံးဖြစ်ကြောင်း၊ လက်ရှိ မိမိတို့နိုင်ငံတွင်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုကြောင့် နိုင်ငံရေး ပြောင်းလဲမှုဖြစ်ခဲ့ပြီး မိမိအနေဖြင့် ပြည်သူများ လိုလားချက်အတိုင်း နိုင်ငံတော်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရန်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်အောင်ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ၏နိုင်ငံ့အရေးကို မြန်မာနိုင်ငံသားများကသာ ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များ၊ နိုင်ငံရေးအခြေအနေများကို နိုင်ငံတကာဖိအားနှင့် အခြားဖိအားများထက် မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြည်တွင်းရေးအခြေအနေများအပေါ်တွင်သာ အဓိကဦးတည်ပြီး အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာ သည့် ဒီမိုကရေစီလမ်းကြောင်း ပျက်ယွင်းမှုကို ပြန်လည်တည့်မတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေး နည်းလမ်းနှင့်ဖြေရှင်းရန် မကြိုးစားသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင်အကြမ်းဖက်တိုက်ခိုက်သည့် နည်းလမ်းကိုသာ ရွေးချယ် ခဲ့ခြင်းကြောင့် ယနေ့နိုင်ငံတော်တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ဖြစ်ပေါ်နေကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့အနေဖြင့်လည်း ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာဏာရရှိ ရေးကို ဦးတည်ဆောင်ရွက်နေသည်ကို တွေ့ရ ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ လုံခြုံရေးကဏ္ဍကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တိုးတက်အောင်မြင်မှုများ ရရှိခဲ့ ကြောင်း၊ သို့သော်လည်း မိမိတို့အားလုံး ရည်မှန်းထားသည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင် စွာကျင်းပနိုင်ရေးသည် စိန်ခေါ်မှုများစွာ ရှိနေသေးသည်ကိုတွေ့ရကြောင်း၊ အဓိကအားဖြင့် လွတ်လပ်ပြီး တရားမျှတမှုအပြည့်ဖြင့် ကျင်းပနိုင်မည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်ရန် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် အထက်ပါလုပ်ဆောင်ရန် လိုအပ်ချက်များကို အရှိန်အဟုန်မပြတ် ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကိုထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ရန် တင်ပြအပ် ကြောင်း ပြောကြားသည်။


ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြရာ ဦးစွာပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အဘက်ဘက် မှ အသင့်ဖြစ်စေရန် အလေးထားဆောင်ရွက်လျက်ရှိသည်ကို သိရှိရပြီး မဲစာရင်းများပြည့်စုံ မှန်ကန်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရကြောင်း၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအပြင် မဲဆန္ဒရှင်များပြုစုရာတွင် မဲရုံအလိုက်ပြုစုပြီး မဲရုံအလိုက်မဲပေးနိုင်ရေး အသေးစိတ်ပြုစုရကြောင်း၊ မဲဆန္ဒရှင်များ အစီအစဉ်တကျမဲပေးနိုင်ရေး အတွက်ကိုလည်း စနစ်တကျကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကြိုတင် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များသည် များပြားလှသည်ဖြစ်သည့်အတွက် အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်အချိန်ယူ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ သက်တမ်း ၆ လ တိုးမြှင့်ခြင်းအား ထောက်ခံပါကြောင်းဖြင့် ဆွေးနွေး တင်ပြသည်။


ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်း ချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တည်ငြိမ်အေးချမ်းရေးသည် အဓိကကျပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့်ဆက်စပ်၍ လုံခြုံရေး သည် အဓိကကျသည့်အချက်ဖြစ်ပြီး ပြီးခဲ့သည့် ၆ လတာကာလအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့၌ ဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်း ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများ၌သာမက မြို့ပေါ်များ၌လည်း တည်ငြိမ်အေးချမ်းရန် လိုအပ်မည်ဖြစ်သဖြင့် ပြည်သူ့လုံခြုံရေးစနစ်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုရရှိအောင် ဆက်လက်ဆောင်ရွက် သွားရန် အချိန်လိုအပ်မည်ဖြစ်သဖြင့် သက်တမ်း ၆ လ ထပ်မံတိုးမြှင့်ခြင်းအား ထောက်ခံပါ ကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။


ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး က လက်ရှိအချိန်တွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်ဆဲ ကာလဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံအတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု ပိုမို ရရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရေးပေါ် ကာလအား သက်တမ်းတိုးမြှင့်ခြင်းကို သဘောတူထောက်ခံပါကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။


ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ လ ၂၇ ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆူပူအကြမ်းဖက်မှုများကြောင့် နိုင်ငံ့ဝန်ထမ်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ရဟန်း၊ သံဃာများ၊ ကျောင်းသား၊ ကျောင်းသူများ သေဆုံးဒဏ်ရာရရှိမှု၊ လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိမှုများ၊ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်မှု များအား ရှင်းလင်းတင်ပြပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် အကြမ်းဖက်မှု ဖြစ်စဉ်များ ကြောင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး တို့တွင် သာမန်အခြေအနေမဟုတ်သည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေကြေညာထားသည့် ကာလအား သက်တမ်းထပ်မံတိုးမြှင့်ခြင်းကို ထောက်ခံပါ ကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။


ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးနှင့် သံတမန် ဆက်ဆံမှုများရှိပြီး စစ်ဘက်၊ အရပ်ဘက် ဆက်ဆံမှုများ ကောင်းမွန်ခိုင်မာမှုရှိစေရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက် နိုင်ငံတကာဆက်ဆံရေးနှင့် စစ်ဘက်၊ အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့မှု၊ မြန်မာ့အရေးကို မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်အစီအစဉ်(Myanmar Way)ဖြင့် ဆောင်ရွက်ရမည်ကို နိုင်ငံတကာမှအသိမှတ်ပြု လက်ခံလာသည်ကိုတွေ့ရှိရမှု၊ မိမိတို့ နိုင်ငံနှင့်ထိတွေ့ ဆက်ဆံလျက်ရှိသည့် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတစွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် အပြုသဘောအမြင်ဖြင့် ထောက်ခံမှုရှိလာသည်ကို သိရှိရမှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အချိန်ကာလလိုအပ်မည်ဖြစ်သည့်အတွက် အရေးပေါ်ကာလအား သက်တမ်းတိုးမြှင့် ခြင်းအား ထောက်ခံပါကြောင်းဖြင့် တင်ပြဆွေးနွေးသည်။


ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုများ စသည့်ကဏ္ဍအသီးသီးတွင် တိုးတက်ဖြစ်ထွန်းမှုများ များစွာရရှိခဲ့သည်ကိုတွေ့ရ ကြောင်း၊ ယခုကဲ့သို့ရရှိပြီးသည့် အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်းဖော်ဆောင်နိုင်ရန်နှင့် နောက်ဆုံးလုပ်ငန်းစဉ်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အချိန်ယူဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့် ကာလကို ၆ လ သက်တမ်းတိုးမြှင့်ခြင်းအား ထောက်ခံပါကြောင်းဖြင့် တင်ပြဆွေးနွေးသည်။


ယင်းနောက် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်လာသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် များအားလုံးက နိုင်ငံတော်၏ လက်ရှိဆောင်ရွက်နေဆဲလုပ်ငန်းများတွင် လုပ်ငန်းအခြေအနေများ အရ၊ နိုင်ငံရေးအခြေအနေအရ အရေးပေါ်ကာလထပ်မံ သက်တမ်းတိုးရန်အတွက် တစ်ညီတစ်ညွတ် တည်း ထောက်ခံဆွေးနွေးသဘောတူညီသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ “နိုင်ငံတော် တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၁-၂-၂၀၂၅ ရက်မှစပြီး နောက်ထပ် ၆ လ တိုးမြှင့် သတ်မှတ်ကြောင်း” ကို ကြေညာအပ်ပါကြောင်း ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၅)ကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။                     

သတင်းစဉ်



No comments

Powered by Blogger.