ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားတော်ပဲသီးနှံ ၃၃၁၂ ဧကထိ စိုက်ပျိုးပြီးစီး
ပွင့်ဖြူ ဇန်နဝါရီ
၃၁
မကွေးတိုင်းဒေသကြီး
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားတော်ပဲသီးနှံ ၃၃၁၂ ဧကထိ
စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင်
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲသီးနှံ ၃၁၈၅ ဧက စိုက်ပျိုးရန်လျာထားပြီး
ဒေသခံတောင်သူများက သတ်မှတ်လျာထားစိုက်ဧက ပြည့်မီစေရန် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ
ယနေ့ထိ ၃၃၁၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားစိုက်ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း
သိရသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်
စိုက်ပျိုးရေးဦးစီးဌာနက စားတော်ပဲသီးနှံအပါအဝင် ပဲမျိုးစုံသီးနှံစိုက်ပျိုးတောင်သူများကို
အထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊
စိုက်ပျိုးရေစနစ်တကျသုံးစွဲရေး၊ ပိုးမွှားရောဂါမကျရောက်စေရန် ကြိုတင်ကာကွယ်နှိမ်နင်းရေး၊
စိုက်ပျိုးရေးသွင်းအားစုများ မှန်ကန်စွာ သုံးစွဲတတ်စေရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ
အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ စပ်ဆက်ဌာနများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရသည်။
ပွင့်ဖြူမြို့နယ်တွင်
စားတော်ပဲသီးနှံအား အရည်အသွေးနှင့် အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက
ဒေသတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပြည်ပပို့ကုန်အဖြစ်ပါ တင်ပို့နိုင်မည်ဖြစ်ရာ တောင်သူများ၏
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်၍ ဒေသမရွေး စားတော်ပဲသီးနှံအား ယခုထက်ပိုမိုကြိုးပမ်း
စိုက်ပျိုးကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
လှိုင်ဝင်းလေး
( ပွင့်ဖြူမြေ )
.jpg)
No comments