တက္ကသိုလ်/ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၄) သင်တန်းဆင်း
နေပြည်တော် ဇန်နဝါရီ ၃၁
တက္ကသိုလ်/ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂၄)၏ သင်တန်းဆင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် သူရဦးဘိုနီ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက တက္ကသိုလ်များ၏ သင်ကြား၊ သင်ယူမှုစနစ်များ ခေတ်မီ ဆန်းသစ်စေရေးနှင့် အနာဂတ်နိုင်ငံတော်အကျိုးသယ်ပိုးကြမည့် လူငယ်များတွင် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ ဝေဖန်သုံးသပ်တွေးခေါ်နိုင်မှု၊ တီထွင်ဖန်တီးတတ်မှု၊ ပြဿနာဖြေရှင်းနိုင်မှု၊ ပိုင်းခြားစိတ်ဖြာ သုံးသပ်နိုင်မှုနှင့် ဆန်းစစ်အကဲဖြတ်နိုင်မှုစွမ်းရည့်များ ပြည့်ဝစေရေးအတွက် စာတွေ့၊ လက်တွေ့အပြင် မြေပြင်အတွေ့အကြုံများကိုပါ ပေါင်းစပ်လေ့ကျင့်သင်ကြားပေးကြရန် မှာကြားလိုပါကြောင်း။
သင်တန်းက ရရှိခဲ့သည့် ဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး မိမိတို့တက္ကသိုလ်/ကောလိပ်နှင့် မိမိတို့ဒေသ၏ ပညာရေးဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက် ကြရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့် ပညာရပ်များကို အမြဲတစေ ဆည်းပူးလေ့လာကာ အရည်အသွေးပြည့်ဝသည့် မျိုးဆက်သစ်လူ့စွမ်းအားအရင်းအမြစ် မြောက်များစွာ ပေါ်ထွန်းလာရေး အားဖြည့်ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားသည်။
သင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား(၅၉)ဦး၊ သင်တန်းသူ (၃၀၄)ဦး၊ စုစုပေါင်း (၃၆၃)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၂ ရက်မှ ၃၁ ရက်အထိ ရက်သတ္တ(၅)ပတ် ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments