ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြန်မာအနုပညာဗဟိုဌာန(ရန်ကုန်) အဆောက်အအုံ လွှဲပြောင်းလက်ခံသည့် အခမ်းအနားသို့ တက်ရောက်



ရန်ကုန် ဇန်နဝါရီ  ၁၇

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက်ရှိ မြန်မာအနုပညာဗဟို ဌာန(ရန်ကုန်) အဆောက်အအုံ (Steel Structure Skeleton Building)ကို တည်ဆောက်ခဲ့သော iGreen Construction Co., Ltd ထံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လွှဲပြောင်း လက်ခံယူသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပပြုလုပ် သည်။


အခမ်းအနားသို့ မြန်မာအနုပညာဗဟိုဌာန (Myanmar Art Center–Yangon) အဆောက် အအုံ Steel Structure Skeleton Building လက်ခံရေးအဖွဲ့ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီး အဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ iGreen Construction Co., Ltd  ဒါရိုက်တာနှင့် အဖွဲ့ဝင်များ၊ မြန်မာအနုပညာဗဟိုဌာန အဆောက်အအုံ လက်ခံရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။


အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယခုအခါ Steel Structure Skeleton Building သာ ပြီးစီးခဲ့သည့် မြန်မာအနုပညာဗဟိုဌာန(ရန်ကုန်) အဆောက်အအုံကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်မည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ အနုပညာရပ်များအတွက် အဖိုးမဖြတ်နိုင် သည့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန ပေါ်ထွန်းနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားသည်။


ထို့နောက် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာအနုပညာဗဟိုဌာန(ရန်ကုန်) အဆောက် အအုံနှင့်စပ်လျဉ်း၍ လည်းကောင်း၊ iGreen Construction Co.Ltd  ဒါရိုက်တာက အဆောက်အအုံ လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်းရှင်းလင်းတင်ပြကြသည်။


ယင်းနောက် မြန်မာအနုပညာဗဟိုဌာန အဆောက်အအုံ (Steel Structure Skeleton Building)ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနက လွှဲပြောင်းလက်ခံသည့် မှတ်တမ်းစာအုပ် တွင် တာဝန်ရှိသူများက လက်မှတ်ရေးထိုးကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


 ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ စသည့် အနုပညာဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် နိုင်ငံတကာ အဆင့်မီ အနုပညာဗဟိုဌာနကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အရှေ့ကြို့ ကုန်းရပ်ကွက် အတွင်ရှိ မြေဧရိယာ ၈ ဒသမ ၄၁ ဧက ပေါ်တွင် iGreen Construction Co., Ltd က  ၂၀၁၆ ခုနှစ် မတ် ၂၈  ရက်တွင် စာချုပ်ချုပ်ဆို၍ စတင် တည်ဆောက်ခဲ့ရာ သဘောတူ စာချုပ်နှင့်အညီ ရေးဆွဲထားသည့် အဆောက်အအုံဒီဇိုင်း အတိုင်းသံမဏိဖြင့် ဖွဲ့စည်းတည်ဆောက်သော အဆောက်အအုံ (Steel Structure Skeleton Building) ကို ၂၀၁၈ ခုနှစ်  မတ်လတွင် ရာခိုင်နှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

             

No comments

Powered by Blogger.