နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇန်နဝါရီ ၁၇
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်း စဉ်များနှင့် ဦးတည်ချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ် သည် နိုင်ငံတော်၏ရည်မှန်းချက်၊ နိုင်ငံရေးမျှော်မှန်း ချက်များဖြစ်ကြောင်း၊ ဦးတည်ချက် (၉)ရပ်သည် မူဝါဒများဖြစ်ပြီး အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန် အနှစ်ချုပ်ပင်ဖြစ်ကြောင်း၊ အဆိုပါရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို ပြန်လည် သုံးသပ်ကြည့်ရန်လိုကြောင်း။
နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများ ရေးပင်ဖြစ်ကြောင်း၊ ဦးတည်ချက်များကို ချမှတ် ဆောင်ရွက်ခြင်းသည် အမျိုးသားရေးရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ချမှတ် ဆောင်ရွက်ထားခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့မည်မျှ အကောင်အထည်ဖော်နိုင်ခဲ့သည်ကို ဝန်ကြီးဌာန အလိုက်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သုံးသပ်ကြည့်စေလိုကြောင်း။
မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ခေတ္တဝင်ရောက်တာဝန်ယူရသည့် အစိုးရ တစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံတိုးတက်ရေးအတွက် အမြဲတမ်းစဉ်ဆက် မပြတ် ကြိုးပမ်းဆောင်ရွက် နေကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်လည်း နောက်တွင်မကျန်ခဲ့စေရန်အတွက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေရခြင်းဖြစ်ကြောင်း။
နိုင်ငံ့စီးပွားရေးတိုးတက်ရေးအတွက် လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်များရရှိစေရေး ပညာရေးကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်အတွက် KG +9 အထိ မသင်မနေရပညာရေးစနစ်ကို အကောင် အထည်ဖော်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေး မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်း (Agro Base Industry) ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဆိုပါက နိုင်ငံ့စီးပွားနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများ ဖွင့်လှစ် နိုင်ရေးကိုလည်း ဆောင်ရွက်ခဲ့ကြောင်း။
မိမိတို့အနေဖြင့် ခေတ်မီစိုက်ပျိုးမွေးမြူရေးစနစ် သို့သွားနိုင်ရန် ပထမဦးစွာ သမားရိုးကျစိုက်ပျိုးမွေးမြူရေး စနစ်များအစား စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးသို့ သွားရန်လိုကြောင်း၊ ၎င်းအတွက် လူသားအရင်း အမြစ်များလိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးကို ကျွမ်းကျင်မှုရှိသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ဒေသအလိုက် ရှိပြီးဖြစ်သည့် ထိန်းသိမ်းရန်လိုအပ်သော မြန်မာ့ယဉ်ကျေးမှု အတတ်ပညာရပ်များကို ဆက်လက်ထိန်းသိမ်းနိုင် ရန်အတွက်လည်း လူသားအရင်းအမြစ်များ လိုအပ် ကြောင်း၊ ဥပမာအားဖြင့် ယွန်းအတတ်ပညာကဲ့သို့ မြန်မာ့ယဉ်ကျေးမှု အတတ်ပညာများကို တတ်မြောက်သည့် ယွန်းအတတ်ပညာရှင်များလည်း စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွက် အခြေခံလိုအပ်သည့် အသိပညာ၊ အတတ်ပညာများ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့စရိတ်များကိုလည်း ထောက်ပံ့ပေးသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များကိုလည်း ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။
ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နိုင်ရေး နိုင်ငံတော်အစိုးရ အနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေရာ ခိုင်နှုန်းများ လျော့နည်းနေသေးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တည်ငြိမ်အေးချမ်းမှုရှိသည့် မြို့နယ်တိုင်း တွင် ကျောင်းနေရာခိုင်နှုန်းများ မြင့်မားစေရေး ဆောင်ရွက်သွားရန်လိုကြောင်း။
မိမိတို့အစိုးရတာဝန်ယူချိန်တွင် စာသင်ကျောင်း များ၏ ဥပဓိရုပ်များကောင်းမွန်ရေးနှင့် သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံမှုရှိစေရေး၊ ဆရာ၊ ဆရာမများအတွက် အကျိုးခံစားခွင့်များရရှိစေရေး ရရှိထား သည့်ဘွဲ့များအလိုက် ထောက်ပံ့မှု များကို ဆောင်ရွက်ပေးထားကြောင်း၊ ဆရာ၊ ဆရာမများအား အသိအမှတ်ပြုရန်၊ ချီးမြှင့်ပေးရန်အတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်သွားရန်လိုကြောင်း၊ လူငယ်များနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်အတွင်း ကျောင်းပေါင်းစုံအားကစားပွဲများ၊ အမျိုးသားအားကစားပွဲတော်နှင့် တပ်မတော်အားကစားပွဲများ ကျင်းပပြုလုပ် ခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ရခြင်းသည် ကျန်းမာသန်စွမ်းသည့် လူငယ်လူရွယ်များဖြစ်စေရေး၊ အားကစားကိုမြှင့်တင်ခြင်း သည် နိုင်ငံတော်ကို ချစ်သည့်စိတ်၊ နိုင်ငံတော်ကို ကာကွယ်လိုသည့် စိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက် နေကြစေ လိုကြောင်း။
ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက် ဖြစ်သည့် လွတ်လပ်၍ တရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ ကြောင်း၊ ကောက်ခံရရှိသည့် အချက်အလက်များအရ လူဦးရေအနေဖြင့် ကျဆင်းလျက်ရှိပြီး ၅၁ သန်းကျော်ခန့်သာ ရှိသည်ကို တွေ့ရှိရကြောင်း၊ မွေးဖွားနှုန်းကျဆင်းခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာ သူများပြား လာခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးမှုများရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ လူဦးရေကျဆင်းမှုကြောင့် ပြည်တွင်း လုပ်သားများရှားပါးလာကြောင်း၊ အလားတူရွေးကောက်ပွဲကျင်းပရာ၌လည်း အတိုင်းအတာတစ်ခုအနေဖြင့် သက်ရောက်မှုများရှိလာနိုင်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပ နိုင်သည့် အခြေအနေမျိုးဖြစ်ရန်အတွက် ဖိဖိစီးစီးဖြင့် ဆက်လက်ဆောင်ရွက်ကြစေလို ကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် အဆင့်နှင့်အညီ လွှတ်တော်အစည်းအဝေး လုပ်ဆောင်နိုင်စွမ်းရှိရမည်ဖြစ်ပြီး သိက္ခာရှိသည့် လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
မိမိအနေဖြင့် မကြာသေးမီရက်ပိုင်းအတွင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာနှင့် ပြင်ဦးလွင်ဒေသတို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများအနေဖြင့် အားရကျေနပ်ဖွယ်ကောင်းသည်ကို တွေ့ခဲ့ရ ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ ယခင်ထက်ပိုမိုထုတ်လုပ်လာနိုင်သည်ကိုတွေ့ရှိရပြီး ထုပ်ပိုးမှုပိုင်းနှင့် အရည် အသွေးပိုင်း များသည်လည်း ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ MSME လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသတွင်းမှရရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ချောပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် ဝယ်လိုအားရှိသည့် ထုတ်ကုန်ပစ္စည်းများ ကုန်ကြမ်းမပြတ်ရရှိရေး မိမိတို့ အနေဖြင့် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ဝါ၊ ဝါး၊ ရော်ဘာ၊ ကော်ဖီတို့နှင့်ပတ်သက်၍ MSME လုပ်ငန်း များတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိစေမည် ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် တိုင်းပြည်စီးပွားရေးကောင်းမွန်စေရေး ကိုယ့်အားကိုယ်ကိုး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများကို အားပေးဆောင်ရွက်၍ အရည်အသွေး ကောင်းမွန်သည့် ပို့ကုန်ပစ္စည်းများပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်တိုးတက်တင်ပို့ နိုင်ရေးအတွက် မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်း သင့်တင့်ရန်နှင့် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသည့် ထုတ်ကုန်ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် ဈေးကွက်သုတေသနကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် မိမိတို့၏ထုတ်ကုန်များ ဈေးကွက်ခိုင်မာမှု ရှိစေရေးအတွက်လည်း ဆောင်ရွက် နေရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ဆန်နှင့်ပဲများသည် ဈေးကွက်ရရှိပြီးဖြစ်သဖြင့် ယခုထက်အရည်အသွေး ပိုမိုကောင်းမွန် သည့် ဆန်နှင့်ပဲများတင်ပို့နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဂုဏ်သတင်းရှိပြီးဖြစ်သည့် ပေါ်ဆန်းမွှေးဆန် ရောင်းအားမြှင့်တင်ရန်လိုကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်က နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီးထုတ်ပေးခဲ့ပြီး ထပ်မံ၍လည်း MSME ထုတ်ကုန်ပစ္စည်းများတိုးမြှင့် ထုတ်လုပ် နိုင်ရန် အလားအလာကောင်းသည့် နယ်ပယ်များနှင့် ဒေသများတွင် အရင်းအနှီးများလိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်းအနှီးထုတ်ချေးပေးခြင်းဖြင့် လုပ်ငန်းအရှိန် မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းနေထိုင်သည့် လူဦးရေနှင့်ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်မည်ဆိုပါက အသားငါးများ ဈေးနှုန်းကြီးမြင့်မှု ကို တတ်နိုင်သမျှ ထိန်းညှိပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီးထုတ်ချေးပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ယူ ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်မှ အရင်းအနှီးဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများ ရှိသည်ဖြစ်သဖြင့် တစ်ဦးချင်းမဟုတ်ဘဲ စုပေါင်းသမဝါယမစနစ်ဖြင့်လည်း ဆောင်ရွက်၍ရနိုင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများဆွေးနွေး၍ စုပေါင်းသမဝါယမစနစ် ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဖော်ဆောင်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးရုံတိုင်းတွင် ဆရာဝန်ရှိရမည်ဟု မူဝါဒချမှတ်ပေးထားပြီး ဖြစ်သော်လည်း အချို့သော ဆေးရုံများ၌ ဆရာဝန်များမရှိကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာနယ်မြေများအလိုက် စိစစ်ဆောင်ရွက်တင်ပြသွားရန် လိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းအခက်အခဲများကို နိုင်ငံတော်မှ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင် ရေးကို အထူးအလေးထား ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အသောက်အစား၊ အစားအသောက် နှင့် အသုံးအစွဲများကို လျှော့ချဆောင်ရွက်သွားမည် ဆိုပါက တစ်ဦးချင်းစီ၊ မိသားစုတစ်စုချင်းစီအတွက် အကျိုးရှိစေနိုင်သည်သာမက နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အကျိုးရှိစေနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဒေသနှင့် နိုင်ငံ၏အကျိုးနှင့် ပတ်သက်ပါက ပြောသင့်ပြောထိုက် သည်များကို မဖြစ်မနေပြောဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် နှင့် ဦးတည်ချက်များကို တွန်းတွန်းတိုက်တိုက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုပြီး ရည်မှန်းချက်များကို ခိုင်ခိုင်မာမာဖြင့် ရပ်တည် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက စိုက်ပျိုးရေးကဏ္ဍနှင့် စပ်လျဉ်း၍ မိုးစပါးနှင့် ဆီထွက်သီးနှံစိုက်ဧကလျာထားမှုနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး တိုးချဲ့စိုက်ပျိုး ဆောင်ရွက်ထားမှု အခြေအနေများ၊ ကုန်ထုတ်လုပ်မှုနှင့် ပြည်ပသို့ တင်ပို့နိုင်မှုအခြေအနေများ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာအဆင့် ပညာသင်ကြားသင်ယူမှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှု ပိုမိုလွှမ်းခြုံနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ အသားငါးကဏ္ဍဖူလုံမှုရှိစေရေး ဆောင်ရွက်ထားရှိမှုများ၊ စက်မှုဇုန်များတိုးတက် လည်ပတ်နိုင်ရေး ဆောင်ရွက်ထားမှုများ၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ ကောက်ခံရရှိမှုအခြေအနေများ၊ ပြည်ပကုန်သွယ်မှုနှင့် နိုင်ငံခြားငွေရရှိမှုအခြေအနေများ၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြှင့်တင်ဆောင်ရွက်နေမှုနှင့် ခရီးသွား ဧည့်သည်ဝင်ရောက်မှုအခြေအနေများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေး ဆောင်ရွက်နေမှု အခြေအနေများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် သုံးစွဲမှုအခြေအနေများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ကဏ္ဍအလိုက်ချေးငွေများ ထုတ်ချေးပေးနေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပညာရေးနှင့်ပတ်သက်၍ အဝေးသင်ပညာရေးသည် နိုင်ငံတကာတွင်လည်း အောင်မြင်နေသည့် ပညာရေးစနစ် တစ်ခုဖြစ်ပြီး ယခင်ကလည်း အရေးပေးဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအဝေးသင်ပညာရေးစနစ်တွင် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်ပညာတတ်မြောက်မှုရှိစေရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းတွင် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါ၊ ဝါး၊ ရော်ဘာနှင့် ကော်ဖီတို့ကို အရည်အသွေးပြည့်မီသည့် ကုန်ချောများအဖြစ်ထုတ်လုပ်နိုင်ရေး ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ ရော်ဘာနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကုန်ကြမ်းများ အလုံအလောက်ထွက်ရှိပြီးဖြစ်သဖြင့် နည်းပညာနှင့် အရင်းအနှီးကြီးမားစွာဆောင်ရွက် ရန်မလိုသည့် စက်ဘီး၊ ဆိုင်ကယ်တို့တွင် အသုံးပြုသည့် တာယာနှင့်ကျွတ်များ အများအပြား ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေ နိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း အရည်အသွေးမြင့် ရော်ဘာ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း။
စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည့်ရေရရှိရေးတွင် မိုးကောင်းသောက်ရေ၊ ဆည်ရေ၊ မြေအောက် ရေ၊ မြစ်ရေဟူ၍ နည်းလမ်းများရှိကြောင်း၊ မြစ်ကြီးများအနီးတွင်ရှိသည့် ဒေသများအနေဖြင့် မိမိတို့ လုပ်ငန်းရပ်အလိုက် မြစ်ရေတင် စီမံကိန်းများဆောင်ရွက်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း၊ မြစ်ရေတင်စီမံကိန်း များအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူ ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက် သည့် ဆိုလာစီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့လုပ်ငန်းလိုအပ်ချက်များ အလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ် ဓာတ်အားထုတ်ယူမှုလုပ်ငန်းများအတွက် အရင်းအနှီးလိုအပ်ချက်များကိုလည်း နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ် ကျရောက်မှုတွင်ပါဝင် သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်းများကောက်ယူ၍ ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံ့စီးပွားတိုးတက် ရေး၊ အခြေခံပြည်သူလူထု၏ သက်သာချောင်ချိရေး အတွက် မိမိတို့အနေဖြင့် မဖြစ်မနေ ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံရေးသည် စီးပွားရေးမဟုတ်သော်လည်း စီးပွားရေးသည် နိုင်ငံ ရေးနှင့် နိုင်ငံ့အရေးပင်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းမှသာလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး အဘက်ဘက်မှ အားကောင်း လာမည်ဖြစ်သဖြင့် နိုင်ငံ့စီးပွားရေး အားကောင်းအောင်အားလုံးမှ ဝိုင်းဝန်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments