ဘဏ်နှင့် ငွေရေး ကြေးရေးအဖွဲ့အစည်းများ၏ စာရင်းများကို စစ်ဆေးနေသော ပြင်ပစာရင်းစစ်များအနေဖြင့် စာရင်းစစ်ဆေးရာတွင် ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ရန် လိုအပ်



နေပြည်တော် ဇန်နဝါရီ ၁၇


နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများတွင် အဓိကကျသော ငွေရေးကြေးရေးကဏ္ဍ၌ ပါဝင်နေသည့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများကို စာရင်းစစ်ဆေးသော ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ပြင်ပစာရင်းစစ်အဖွဲ့များ၊ မြန်မာနိုင်ငံ စာရင်းကောင်စီတို့နှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။


ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံ စာရင်းကောင်စီနှင့် ပြင်ပစာရင်းစစ်အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ငွေရေးကြေးရေးစနစ် တည်ငြိမ်စေရေး ထိန်းကျောင်းရာတွင် ကြီးကြပ်စစ်ဆေးသူများ၊ ပြင်ပစာရင်းစစ်များနှင့် ဌာနတွင်း စာရင်းစစ်တို့ အပြန်အလှန် ထိန်းကျောင်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ စာရင်းများကို စစ်ဆေးနေသော ပြင်ပစာရင်းစစ်များအနေ ဖြင့် စာရင်း စစ်ဆေးရာတွင် ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့်လည်း နိုင်ငံပိုင်ဘဏ်များအား စစ်ဆေးရာတွင် အဆိုပါဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးပေးရန် လိုအပ်ပါ ကြောင်း၊ Audit Report များကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးပို့ရန်လိုကြောင်း၊ သတင်းအချက် အလက်များ ဖလှယ်ရန်နှင့်ဘဏ်များ Reporting မှန်မမှန် စိစစ်ရန်လိုကြောင်း၊ ငွေရေးကြေးရေး အဖွဲ့အစည်း များဥပဒေပုဒ်မ ၈၈၊ ၈၉ နှင့် ၉၀ တို့တွင် ပြင်ပစာရင်းစစ်နှင့်သက်ဆိုင်သော အချက်များကို ပြဋ္ဌာန်း ထားရှိသည့်အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် (၁၀/၂၀၁၉) ဖြင့် ဘဏ်၏ ပြင်ပ စာရင်းစစ်များဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်ထားရှိကြောင်း။


ပြင်ပစာရင်းစစ်များ၏ အရည်အချင်းပြည့်မီပြီး လွတ်လပ်စွာဆောင်ရွက်နိုင်မှု၊ စံသတ်မှတ် ချက်များနှင့်အညီ ပြုစုထားသည့်စာရင်းစစ်အစီရင်ခံစာများ ထုတ်ပြန်နိုင်မှုသည် ငွေရေးကြေးရေး စနစ်အပေါ် ပြည်သူများ ယုံကြည်မှု တိုးမြှင့်စေရေးအထောက်အကူပြုကြောင်း၊ ဘဏ်များကို စစ်ဆေးစဉ် အတွင်းဒါရိုက်တာအဖွဲ့ဝင်များ၊ စီမံခန့်ခွဲသူများက ဥပဒေကို ချိုးဖောက်မှု၊ မလိုက်နာမှု၊ မရိုးဖြောင့်သော နည်းဖြင့် ဆောင်ရွက်ထားမှု များတွေ့ရှိပါက အချိန်နှင့်တစ်ပြေးညီ ဗဟိုဘဏ်သို့ ချက်ချင်းသတင်းပို့ တင်ပြရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံ စာရင်းကောင်စီနှင့် ပြင်ပစာရင်းစစ်အဖွဲ့များမှ တာဝန်ရှိသူများက စာရင်းစစ်ဆေးရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ဗဟိုဘဏ်၏ လမ်းညွှန်မှာကြားချက်များအတိုင်း ပူးပေါင်းဆောင်ရွက် သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.