ဒုတိယဝန်ကြီး ဦးဝင်းရှိန် တောင်ကြီးမြို့ ရေဘေးသင့် အာမခံအလုပ်သမားများကို လူမှုဖူလုံရေး အကျိုးခံစားခွင့် ၄၀ ရာနှုန်းပေးအပ်



တောင်ကြီး ဇန်နဝါရီ ၁၇

 

ရေဘေးသင့် အာမခံအလုပ်သမားများကို လူမှုဖူလုံရေး အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးခြင်းနှင့် အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ လူထုအခြေပြု စုပေါင်းခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက တိုင်ဖွန်းမုန်တိုင်း(ရာဂီ)ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများ ပိတ်သိမ်းရခြင်း၊ လယ်ယာမြေများ၊ သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးကာ အခြေခံလူတန်းစားများ အပါအဝင် လုပ်ငန်းရှင်များပါ စီးပွားရေး၊ လူမှုရေးထိခိုက်ခဲ့ရကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးပေးခဲ့ပြီး အလုပ်သမားဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးဒဏ် ခံစားခဲ့ရသည့် လူမှုဖူလုံရေးအာမခံ အလုပ်သမားများကို နည်းလမ်းရှာ၍ ကူညီပေးခဲ့ကြောင်း၊     ရှမ်းပြည်နယ်အတွင်း အလုပ်ဌာန (၇၀၀)ကျော်တွင် အာမခံအလုပ်သမား (၁၀,၀၀၀)ကျော် ရှိသည့်အနက် အလုပ်ဌာန (၄၀)မှ ရေဘေးသင့် အာမခံအလုပ်သမား (၂၃၀)ကို လူမှုဖူလုံ‌ရေး အကျိုးခံစားခွင့် ငွေကျပ် ၂၀ ဒသမ ၆၈ သန်းနှင့် အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့် ငွေကျပ် ၁၀ ဒသမ ၂၈ သန်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၁၃ ဒသမ ၇၅ သန်းကို သက်ဆိုင်သူများထံ ယနေ့အခမ်းအနားတွင် ခွင့်ပြုထုတ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးရာဝန်ကြီးထံသို့ ရေဘေးသင့် အာမခံအလုပ်သမား (၂၃၀)အတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ငွေကျပ် (၂၀ ဒသမ ၆၈)သန်းကို လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးရာဝန်ကြီးနှင့် အာမခံအလုပ်သမား တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.