ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် စိုက်၊ မွေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး၊ စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲအခမ်းအနား တက်ရောက်



နေပြည်တော် ဇန်နဝါရီ ၁၇

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ခရိုင်၊ မြို့နယ်အဆင့် ဦးစီးမှူးများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ တဘူးလှဆည်ရေသောက်စနစ် လက်ဝဲမြောင်းမကြီး ပေတိုင်(၁၀၁+၀၀၀)သို့ ရောက်ရှိပြီး ရေသောက်ဧရိယာအတွင်းရှိ ကုန်းမြင့်ဧရိယာများတွင် ဆိုလာစနစ်ဖြင့် လည်းကောင်း၊ အလိုလျောက်ရေတင်စနစ် (Water Turbine Pump) တပ်ဆင် အသုံးပြုခြင်းဖြင့်လည်းကောင်း ရေရရှိနိုင်ရေးနည်းလမ်းပေါင်းစုံဖြင့် ကြံဆစီမံဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ)၌ ကျင်းပသည့် နဝမအကြိမ်မြောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ၊ ထားဝယ်နှင့် ကျောက်တော်)တို့မှ တတိယနှစ်သင်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၃၇)ဦးတို့ကို စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ တန်းစဉ်အလိုက် စုစုပေါင်းရမှတ် အများဆုံးဆုရ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ကျောင်းဝန်းအတွင်း ကျောင်းသား ကျောင်းသူများ လက်တွေ့ကွင်းဆင်း လေ့ကျင့်ဆောင်ရွက်ထားသည့် သီးနှံစိုက်ခင်းများ၊ သုတေသနစိုက်ခင်းများကို ကြည့်ရှုအားပေးကာ ဟင်းသီးဟင်းရွက်မျိုးစေ့များ ပေးအပ်သည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် သာယာဝတီမြို့နယ်၊ ဆရာစံမြို့သစ် အလယ်ကုန်းရပ်ကွက်ရှိ ပုဂ္ဂလိကနို့စားနွား မွေးမြူရေးလုပ်ငန်းအား ကြည့်ရှုအားပေးပြီး မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ အကြံပြုဆွေးနွေးမှာကြားသည်။

 

ထို့နောက် မင်းလှမြို့နယ်၊ ဥတိုကညင်ပင်ကျေးရွာ၊ ကံတင်ဘီးလင်း ဆည်ရေသောက်စနစ်အတွင်း၌ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော ဆောင်းပဲတီစိမ်းဧက (၅၀)စံပြကွက် ရွက်ဖျန်းမြေသြဇာ ပက်ဖျန်းနေမှုကို ကြည့်ရှုပြီး တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ဆီထွက်သီးနှံနေကြာကို စမ်းသပ်စိုက်ပျိုးကြရန်နှင့် သီးနှံတစ်မျိုး တည်းစိုက်ပျိုးခြင်းထက် သီးနှံပုံစံပြောင်းလဲ၍ စိုက်ပျိုးသွားကြရန် ဆွေးနွေးမှာကြားပြီး ဆောင်းသီးနှံ ပဲတီစိမ်းစံပြကွက် စိုက်ပျိုးသည့် တောင်သူများကို သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.