“ဝါးပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပဈေးကွက်အလားအလာ” အလုပ်ရုံဆွေးနွေးပွဲကျင်းပ



နေပြည်တော် ဇန်နဝါရီ ၁၇

 

ဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာနိုင်ငံမှ ဝါးထုတ်ကုန်များ ပြည်တွင်းဈေးကွက် ချဲ့ထွင်နိုင်ရေးနှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် “ဝါးပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပဈေးကွက်အလားအလာ” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂ ကျင်းပသည်။

 

ဦးစွာ ဒုတိယဝန်ကြီး ဦးမင်းမင်းက ဝါးအရင်းအမြစ်များကို အသုံးပြုခြင်းဖြင့် လူနေမှုဘဝတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကို လျှော့ချရေး၊ ပို့ကုန်အလားအလာရှိသည့် ဝါးထုတ်ကုန်ပစ္စည်းများ ကုန်သွယ်မှုမြှင့်တင်ရေး၊ ဝါးလက်မှု ပစ္စည်းလုပ်ငန်းသည် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေပြီး ပြည်တွင်းခရီးသွားများသာမက နိုင်ငံခြားခရီးသွားဧည့်သည်များကိုပါ ဝါးတန်ဖိုးမြှင့်ထုတ်ကုန်များကို ဆန်းသစ်တီထွင် ထုတ်လုပ်ပြီး လက်ဆောင်ပစ္စည်းအဖြစ် ထုတ်လုပ်ရောင်းချပါက ဝါးတောင်သူများနှင့် ထုတ်လုပ်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည့် အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်သည့်အတွက် ဝါးပို့ကုန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည့်အတွက် ဝါးတန်ဖိုးမြှင့်လုပ်ငန်းများ ထုတ်လုပ်တင်ပို့ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ကြောင်း၊ ဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါးထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ကြရန် တိုက်တွန်းပြောကြားသည်။

 

ဆက်လက်၍ ဝါးထုတ်ကုန်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုကြပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ဝါးဈေးကွက်အခြေအနေများထုတ်ကုန်များ ထုတ်လုပ်မှုအခြေအနေများဝါးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာနိုင်ငံ၏ ဝါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ဝါးသယံဇာတ ရေရှည်အသုံးချနိုင်ရေး စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမြန်မာနိုင်ငံ လက်မှုအနုပညာအသင်းမြန်မာနိုင်ငံကြိမ် ဝါးအသင်းမျှစ်နှင့် ဝါး စိုက်ပျိုးထုတ်လုပ်သူ မျိုးတူစုအဖွဲ့နှင့် ဆက်စပ်ပို့ကုန်လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.