ကျန်းမာရေးဝန်ကြီးဌာန သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင် အရာရှိ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ



နေပြည်တော် ဇန်နဝါရီ ၃၁


ကျန်းမာရေးဝန်ကြီးဌာန သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိ ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက် အမှာစကားပြောကြားပြီး ခန့်အပ်လွှာများပေးအပ်သည်။


အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီဥက္ကဋ္ဌ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရသော သွားနှင်ခံတွင်းဆရာဝန် (သစ်လွင်)များ တက်ရောက်ကြတယ်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက သွားနှင့်ခံတွင်းဆိုင်ရာ ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြု ထားသော စက်ပစ္စည်းကိရိယာများ ပြည်သူ့ဆေးရုံများတွင် တပ်ဆင်ပေးထားကြောင်း၊ စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်ရန် လိုအပ်သော လေ့ကျင့်သင်ကြားမှုများကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုသည် အရေးကြီး သည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ ပြည်သူလူထု သွားနှင့်ခံတွင်းကျန်းမာရေးမြှင့်တင်နိုင်ရေး မူဝါဒများ ချမှတ်လုပ်ဆောင်လျက်ရှိကြောင်း၊ သမားဂုဏ်၊ ဆေးပညာကျင့်ဝတ်များကို အခြေပြုကာ ပြည်သူလူထုကို ဦးထိပ်ထားပြီး ဝန်ဆောင်မှုများပေးနိုင်ရန်လို အပ်ကြောင်း၊ စိတ်ဓာတ်ကြံ့ခိုင်ပြီး သမားဂုဏ်၊ ဆေးပညာ ကျင့်ဝတ်များနှင့်အညီ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ကြစေ လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လာကြသည့်အလျောက် နိုင်ငံ့ဝန်ထမ်းတစ်ဦး လိုက်နာကြရမည့် စည်းမျဉ်း စည်းကမ်းများ၊ ကျင့်ဝတ်များကို သိရှိလိုက်နာစောင့်ထိန်းကြရန်လိုအပ်ကြောင်း၊ မိမိတို့၏ Professional ဖြင့် ပေးအပ်လာသည့် တာဝန်များကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံ့ဝန်ထမ်းဆရာဝန်တစ်ဦး၏ ဘဝအနေဖြင့် အောင်မြင်ရာ အောင်မြင်ကြောင်း နည်းလမ်းဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာပိုင်စိုးက ဝန်ထမ်း စည်းကမ်းနှင့် ဆရာဝန်ကျင့်ဝတ်သိက္ခာတို့ကို သေချာစောင့်ထိန်းပြီး သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီ ဥပဒေများမှ အရေးပါသည့်အချက်အလက်များကို လိုက်နာဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)မှ ကိုယ်စားလှယ်တစ်ဦးနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)မှ ကိုယ်စားလှယ်တစ်ဦးတို့အား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင် အရာရှိခန့်အပ်လွှာများပေးအပ်ပြီး သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။

ယနေ့အခမ်းအနားတွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)မှ (၁၀၈)ဦး၊ သွားဘက် ဆိုင်ရာဆေး တက္ကသိုလ်(မန္တလေး)မှ (၉၁)ဦး စုစုပေါင်း (၁၉၉)ဦးအား ပြန်တမ်းဝင်အရာရှိများအဖြစ် ခန့်အပ်တာဝန် ပေးအပ်ခဲ့ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) (၃၃၀)ဦး၊ ဆရာဝန်(သစ်လွင်) (၁၃၀၁)ဦး၊ သူနာပြု(၄၆၅၇)ဦး၊ သားဖွားဆရာမ(၈၄၃)ဦးနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင် (၃၁၉၉)ဦးတို့ကို ခန့်အပ်တာဝန်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.