တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇန်နဝါရီ ၃၀
တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ လုပ်ငန်းဆောင်ရွက်မှု
အခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီး ညိုစော၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ တည်ဆောက်ဆဲ
နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့်
ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစားပေးဆောင်ရွက်နိုင်စေရေးရည်ရွယ်
ဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး
တင်အောင်စန်းက အဖွင့်အမှာစကားပြောကြားရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်သည်
ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝ တိုးတက်မြင့်မားရေးနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု
ပိုမိုတိုးတက်လာခြင်းဖြင့် အခြေခံအဆောက်အဦ (Infra-structure) လိုအပ်ချက်ကို ဖြည့်ဆည်းတည်ဆောက်နိုင်ပြီး
လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍ (၂) ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နိုင်စေရေး
ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း။
လက်ရှိနိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ
၂၈ ရုံ၊ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၂၇ ရုံ၊ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ
ရှစ်ရုံ စုစုပေါင်း တပ်ဆင်အင်အား ၆၃၇၁ မဂ္ဂါဝပ်ရှိပါကြောင်း၊ အဆိုပါရေအားလျှပ်စစ်နှင့်
အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ အချို့ ဓာတ်အားပေးစက်ရုံ ၁၂ ရုံသည် ဓာတ်အားလိုင်းများ
ဖျက်ဆီးခံရခြင်းနှင့် သဘာဝဘေးဒဏ်ကြောင့်ပျက်စီးခြင်း စသည်တို့ကြောင့် လက်ရှိတွင် ဓာတ်အားထုတ်လုပ်မှု
ကျဆင်းလျက်ရှိနေပါကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏ
ပိုမိုမြင့်မားလျက်ရှိနေပါကြောင်း၊ ပြည့်ဖြိုး မြဲစွမ်းအင် (Renewable Energy -
RE)ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊
အထက်အကြီးအကဲကလည်း Renewable Energy – RE အလေးထား အကောင်အထည်ဖော်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း။
တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းများအနေဖြင့်
နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် လေးခု၊ မန္တလေးတိုင်းဒေသကြီးတွင် သုံးခု၊ ပဲခူးတိုင်းဒေသကြီးတွင်
တစ်ခု၊ ရှမ်းပြည်နယ်တွင် တစ်ခု စုစုပေါင်းတပ်ဆင်အင်အား ၅၃၀ မဂ္ဂါဝပ် ရှိပါကြောင်း၊
ဆောက်ရွက်ဆဲ Hybrid (Gas Engine + Solar) စီမံကိန်းများအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင်
တစ်ခုနှင့် မကွေးတိုင်းဒေသကြီးတွင် တစ်ခု စုစုပေါင်း တပ်ဆင်အင်အား ၄၉၆ မဂ္ဂါဝပ်ရှိပါ
ကြောင်း၊ တည်ဆောက်ဆဲဆိုလာနှင့် Hybrid စီမံကိန်းများ၏ စုစုပေါင်း တပ်ဆင်အင်အားအနေဖြင့်
၁၀၂၆ မဂ္ဂါဝပ် ရှိပါကြောင်း၊ ယခုတည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများနှင့်
Hybrid (Gas Engine + Solar) စီမံကိန်းများ၏ မြေပြင် လုပ်ငန်းတိုးတက်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ဆိုလာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း/ ပြည်ပ
ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယခုအစည်းအဝေးတွင် မိမိတို့၏လုပ်ငန်းများ အကောင်အထည်ဖော်မှု၊
ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စီမံကိန်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေရသည့်
အကြောင်းရင်းများကို ကုမ္ပဏီတစ်ခုချင်းစီအလိုက် ရှင်းလင်းတင်ပြပေးစေလိုပါကြောင်း၊ ကုမ္ပဏီတစ်ခုချင်းစီ၏
နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အမှန်တကယ်
ကြုံတွေ့နေရသည့် အခက်အခဲများ၊ အကြောင်းရင်းများ၊ အခြေအနေများကို သိရှိပြီးမှသာ သက်ဆိုင်ရာဝန်ကြီးဌာန၊
အဖွဲ့အစည်းများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းအဖြေရှာသွားနိုင်မည်
ဖြစ်ပါကြောင်း၊ ကုမ္ပဏီများ၏ တင်ပြချက်များအပေါ် ဆက်စပ်ဝန်ကြီး ဌာနများကလည်း ဖြေရှင်းနိုင်မည့်
နည်းလမ်းများကို အကြံပြုသုံးသပ် တင်ပြပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ပြန်လည်ရှင်းလင်းဆွေးနွေး
ဆက်လက်၍ အစည်းအဝေး တက်ရောက်လာသော တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း
အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက မိမိတို့ဆောင်ရွက်နေသည့်
စီမံကိန်းများအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်
အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီးညိုစော၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကုမ္ပဏီများ၏ တင်ပြချက်များအပေါ်
ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက လျှပ်စစ်နှင့်
စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အနေဖြင့် ယနေ့ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှရရှိလာသည့်
အခြေအနေအားလုံးအပေါ် သုံးသပ်ပြီး အကြံပြုချက်များ၊ ဆွေးနွေးချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်
အခြေအနေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမို ဖြည့်ဆည်းပေးနိုင်ရေး ရှေးရှုပြီး
ကုမ္ပဏီများအနေဖြင့်လည်း ဆောင်ရွက်ဆဲလုပ်ငန်းများ အမြန်ပြီးပြတ်ပြီး လိုအပ်လျက်ရှိသော
လျှပ်စစ်ဓာတ်အား အမြန်ထုတ်လုပ်နိုင်ရေး အလေးထားကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments