စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ဟင်းသီး၊ ဟင်းရွက်စိုက်ခင်းများနှင့် သုတေသနစိုက်ခင်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဖေဖော်ဝါရီ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် သည် ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးတက္ကသိုလ်၏ အပင်မျိုးမွေးမြူရေး နှင့် အပင်ဇီဝကမ္မဗေဒနှင့် ဂေဟဗေဒဌာနရှိ ဘွဲ့လွန်ကျောင်းသားကျောင်းသူများ ဆောင်ရွက်လျက်ရှိသည့် ဆင်းရွှေကြာ (၂) နေကြာမျိုးအား (Recurrent Mass Selection) နည်းလမ်းကို အသုံးပြု၍ မျိုးရွေးချယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဆင်းရွှေကြာ (၂) နေကြာမျိုးအား လိုလားသည့် လက္ခဏာများပါဝင်သည့် အပွင့်များရွေးချယ်၍ စိုက်ပျိုးရာသီတိုင်းတွင် သဘာဝအတိုင်း ဝတ်မှုံကူးခြင်းဖြင့် မျိုးမြှင့်တင်ထိန်းသိမ်းရမည်ဖြစ်ပြီး တောင်သူများကိုယ်တိုင် စပါးသီးနှံတွင်ခေါင်နှံယူသကဲ့သို့ မျိုးထိန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆင်းရွှေကြာ (၂) ကို အခြားသော သွေးဝေးသည့် နေကြာမျိုးများ၏ ဝတ်မှုံများနှင့် ဝတ်မှုံကူးပေးခြင်းဖြင့် မျိုးဗီဇဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မျိုးဗီဇဖွံဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အကောင်းဆုံးနည်းစနစ်ကို သေချာစွာစူးစမ်း လေ့လာ၍ သီးနှံသဘာဝအရ သင့်တော်သည့် နည်းစနစ်များကို အသုံးပြုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၆၁) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ တက်ရောက်အားပေးသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးစီးမှူး၊ ဦးတင့်နိုင်က “ရန်ကုန်တိုင်းဒေသကြီး၏ နွေစပါးသီးနှံပန်းတိုင်အထွက်ရရှိရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြကာ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ ပညာရှင်ဝန်ထမ်းများ၊ ဇေယျာသီရိမြို့နယ်မှ တောင်သူ (၃၀) တို့က ကိုယ်တိုင်တက်ရောက်ကြပြီး မြစ်သား၊ စဉ့်ကိုင်၊ တိုက်ကြီး၊ မင်္ဂလာဒုံလှဉ်းကူးမြို့နယ်များမှ တောင်သူ (၂၄၈) ဦး နှင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများက Zoom point (၁၀၀) point မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments