ရေကြီး ရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မွေးမြူရေးတိရစ္ဆာန်များ ဖြည့်ဆည်းပေး



နေပြည်တော် ဖေဖော်ဝါရီ ၁

ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုများကြုံတွေ့ခဲ့ရပြီး ပျက်စီးဆုံးရှုံးခဲ့ရသည့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မွေးမြူရေးတိရစ္ဆာန် ဝက်ကောင်ရေ (၅၀၀) ပေးအပ်ခြင်း အခမ်းအနားကို ယနေ့တွင် နေပြည်တော် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စု၊ ပေါင်းလောင်းကျေးရွာ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးတောင်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးများတွင် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦးများ ဆုံးရှုံးပျက်စီးမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တွင် ကျွဲ (၇၁) ကောင်၊ နွား (၂၁၄၂) ကောင်၊ ဝက် (၃၉၇၈) ကောင်၊ ဒေသကြက် (၂၂၈၇၈) ကောင်၊ ဥစားကြက် (၉၁၁၅) ကောင်၊ အသားတိုးကြက် (၉၄၂၀၀) ၊ ဘဲ (၁၂၁၆၃) ကောင် ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် နိုင်ငံတော်က ကျွဲ (၇၁) ကောင်၊ နွား (၁၂၁၅) ကောင်၊ ဝက်(၃၉၅၇) ကောင်၊ သိုး/ဆိတ် (၁၆၈၈) ကောင်၊ ဒေသကြက် (၂၃၂၀၇) ကောင်၊ အသားတိုးကြက် (၉၃၇၀၀) ၊ ဥစားကြက် (၉၁၁၅)ကောင်၊ ဘဲ (၁၁၁၆၃) ကောင် ပြန်လည်ဖြည့်ဆည်းပေးခဲ့ပြီး ဆုံးရှုံးရသည့် ကောင်ရေများပြည့်မီအောင် ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ယခု လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စုတွင် ဆုံးရှုံးခဲ့သည့် ဝက်ကောင် ရေ (၅၀၀) ကို ပြန်လည်ဖြည့်ဆည်းပေးအပ်သွားမည်ဖြစ်ပြီး လိုအပ်သော မွေးမြူရေးနည်းစနစ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်၍ မွေးမြူရေးတိရစ္ဆာန်များ အောင်မြင်ဖြစ်ထွန်အောင် မွေးမြူထုတ်လုပ်ရေး၊ နည်းစနစ်ကျကျ တိုးချဲ့မွေးမြူနိုင်ရေးအတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းကူညီ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ဝက်ကောင်ရေ (၅၀၀) ကိုပေးအပ်ရာ ပေါက်မြိုင်၊ ရေလည်ပေါက်၊ ကြို့ပင်သာ၊ ပေါင်းလောင်းနှင့် အောင်သုခကျေးရွာ မွေးမြူရေးတောင်သူ ကိုယ်စားလှယ်များက လက်ခံရယူကြပြီး ဝက်မွေးမြူသူများကိုယ်စား ပေါက်မြိုင်ရေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် လယ်ဝေးမြို့နယ်၊ ပန်းတင်ကျေးရွာ၊ ဟိန်းမဟာ အသားစားကြက် မွေးမြူရေးခြံသို့ရောက်ရှိပြီး အသားစားကြက်ကောင်ရေ (၂၀၀၀၀) မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဇီဝလုံခြုံရေးအလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။

ထိုမှတဆင့် နေပြည်တော်ကောင်စီနယ်မြေ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံးတွင် မွေးမြူရေးနှင့် ကုသရေးကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသေးစား အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးလာရေးအတွက် ခိုင်မာသော ဈေးကွက်ဖော်ဆောင်ပေးနိုင်ရေး၊ ဈေးကွက်နှင့် ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရေး၊ တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူရေးစီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.