ကြက်မောက်တောင်ဆည်နှင့် ဆည်ရေဝပ်ဧရိယာသို့ ကမ္ဘာ့ရှားပါးမျိုးစိတ် ဟိမဝန္တာလင်းတဆောင်းခိုငှက် အပါအဝင် ရေပျော်ငှက်၊ သစ်တောငှက်များ ဝင်ရောက်ကျက်စား


ရန်ကုန် ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်မောက်တောင်ဆည်နှင့် ဆည်ရေဝပ်ဧရိယာသို့ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်ဖြစ်သည့် ဟိမဝန္တာလင်းတ ဆောင်းခိုငှက် အပါအဝင် ဆောင်းခိုရေပျော်ငှက်၊ သစ်တောငှက်များ ဝင်ရောက်ကျက်စားလျက်ရှိကြောင်း ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ သိရသည်။

“လက်ရှိမှာ ကြက်မောက်တောင်ဆည်အတွင်းနဲ့ ဆက်စပ်ဧရိယာတွေမှာ ဆောင်းခိုရေပျော်ငှက်နဲ့ သစ်တောငှက်မျိုးစိတ် ၂၀ ကျော် ကောင်ရေ ၁၀၀၀ နီးပါးဝင်ရောက်နေပါတယ်။ အထူးသဖြင့် တခြားနိုင်ငံက ဆောင်းခိုငှက်တွေ ကျွန်တော်တို့နိုင်ငံကို လာရောက်ကျက်စားတယ်ဆိုတာ သဘာဝပတ်ဝန်းကျင်နဲ့ မူရင်းဒေသတွေ ကောင်းမွန်နေသေးတယ်ဆိုတာကို ပြသလိုက်တာပါပဲ။ ဂုဏ်ယူဖွယ်လည်းဖြစ်သလို Eco Tourism အတွက်ဆိုရင်လည်း ငှက်ဝါသနာရှင်တွေ အထူးနှစ်ခြိုက်ကြပါတယ် ”ဟု ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ တောအုပ်ကြီး ဦးကျော်နိုင်ဦးက ပြောသည်။

ကြက်မောက်တောင်ဆည်နှင့် ဆည်ရေဝပ်ဧရိယာတို့တွင် ဆောင်းခိုငှက်များဖြစ်သည့် စစ္စလီ၊ ဂျားမ၊ ထန်းစေ့မုတ်၊ ငဟစ်၊ ရေကြက်ဒုံ၊ ဗျိုင်းမျိုးစိတ်များ၊ ဟင်္သာ၊ ကြာဖက်နှင်းနှင့် အခြားသော ရေပျော်ငှက်များ ကျက်စားလျက်ရှိပြီး စစ္စလီငှက်များ အများဆုံးဝင်ရောက် လျက်ရှိကာ ကမ္ဘာ့ရှားပါးမျိုးစိတ်ဝင် ဟိမဝန္တာလင်းတ၊ စာဝါကြားနှင့် အခြားသော သစ်တောငှက်မျိုးစိတ် ၁၅ မျိုးတို့ ဝင်ရောက်ကျက်စားလျက်ရှိကြောင်း သိရသည်။

“ကြက်မောက်တောင်ဆည်အထက်က စိုက်ခင်းတွေမှာလည်း သစ်တောငှက်တွေ ဝင်ရောက်တာရှိပါတယ်။ ဒါတွေကို ထိန်းသိမ်းကာကွယ်ခြင်းအားဖြင့် နောင် နှစ်တွေမှာ ထူးခြားတဲ့ ငှက်မျိုးစိတ် တွေ ဝင်ရောက်လာနိုင်ပါတယ်။ ဟိမဝန္တာလင်းတဆိုရင် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် စာရင်းဝင်တစ်မျိုးဖြစ်ပြီး ဒီနှစ်မှာ တွေ့ရတာပါ” ဟု တောအုပ်ကြီး ဦးကျော်နိုင်ဦးက ပြောပြသည်။

ကြက်မောက်တောင်ဆည်နှင့် ပုပ္ပားတောင်အမျိုးသား ဘူမိဥယျာဉ်တို့တွင် ရာသီအလိုက် ကာကွယ်ထားသော ငှက်မျိုးစိတ် ၁၈ မျိုး၊ သာမန်ကာကွယ်ထားသော ငှက်မျိုးစိတ် ၄၉ မျိုးနှင့် လုံးဝ ကာကွယ်ထားသော ငှက်မျိုးစိတ် ၃၀ တို့ ရှင်သန်ကျက်စားလျက်ရှိကြောင်း သိရသည်။

သစ္စာ(MNA)

ဓာတ်ပုံ- ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ရုံး 


No comments

Powered by Blogger.