ပြန်လည်အားယူနေသည့် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း



စိုးသူရ

 

ကမ္ဘာပေါ်တွင် ခရီးသွားလုပ်ငန်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ယနေ့ကာလတွင် ပုံမှန်အတိုင်း ပြန်လည်တိုးတက်ဖွံ့ဖြိုးလာသည်ကို တွေ့နေရသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်ချက်များကို မြှင့်တင်ခြင်းဖြင့် ခရီးသွားများကို နိုင်ငံအတွင်း လာရောက်ရန်ဆွဲဆောင်နေသည်။ ယခုနှစ်ကို ထိုင်းအဆင့်မြင့် ခရီးသွားလုပ်ငန်းနှင့် အားကစား လှုပ်ရှားမှုဆိုင်ရာနှစ်အဖြစ် သတ်မှတ်ပြီး ထိုင်းနိုင်ငံ သို့ ခရီးသွားအရေအတွက် သန်း ၄၀ လာရောက်ရန် နှင့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေဘတ် ၂ ဒသမ ၈ ထရီလီယံရရှိရန် ရည်မှန်းထားကြောင်း ထိုင်းခရီးသွား လုပ်ငန်း အာဏာပိုင်အဖွဲ့နှင့် ထိုင်းခရီးသွားလုပ်ငန်း နှင့် အားကစားဝန်ကြီးဌာနတို့က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် နိုင်ငံအတွင်းရှိ ခရီးသွားအများဆုံး လာရောက်လေ့ရှိသည့် နေရာများကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသည်။ ထို့ပြင် ယခုနှစ်အတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက် မည်ဟုသိရသည်။ ယခုနှစ်သည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် အရေးပါသည့် နှစ်တစ်နှစ် ဖြစ်လာမည်ဖြစ်ပြီး မိမိတို့အနေဖြင့် နိုင်ငံအတွင်း လာရောက်မည့် ခရီးသွားအရေအတွက် မြှင့်တင်ရန် သာမက ခရီးသွားလုပ်ငန်း၏ အရည်အသွေးကို မြှင့်တင်ခြင်းဖြင့် ခရီးသွားများ၏ အားရကျေနပ်မှုကို ရယူဆွဲဆောင်မည်ဟု ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ယခုနှစ်သည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၅၀ ပြည့် မြောက်သည့်နှစ်ဖြစ်ရာ တရုတ်နိုင်ငံမှ ခရီးသွားများ ကိုကြိုဆိုရန် အထူးအစီအစဉ်များ ဆောင်ရွက် မည်ဟု သိရသည်။ မြို့တော်ဗန်ကောက်သို့ယမန်နှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၃၂ ဒသမ ၄ သန်း လာရောက်ခဲ့ပြီး ယင်းကဲ့သို့ လာရောက်မှုများပြားရခြင်းမှာ နိုင်ငံအတွင်းချမှတ်ထားသည့် ဗီဇာ ကင်းလွတ်ခွင့်မူဝါဒများကြောင့်ဖြစ်ကြောင်း သိရသည်။

 

ခရီးသွားလုပ်ငန်းကို ပံ့ပိုးပေးသည့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု

 

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းသည် နိုင်ငံအတွင်း ဆောင်ရွက်နေသည့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို မြှင့်တင်သည့်အနေဖြင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခုစီမံချက်ကို တက်ကြွစွာ ပံ့ပိုးကူညီနေသည်။ အဆိုပါ အစီအစဉ်အရ ခရီးသွားများအနေဖြင့် လက်မှုပညာဆိုင်ရာ ကုန်ပစ္စည်းများ ကို ဝယ်ယူရရှိနိုင်ကာ ဒေသတွင်းစီးပွားရေးကို မြှင့်တင်ပေးနေကြောင်း သိရသည်။

 

ထိုင်းနိုင်ငံ၏ ထုတ်ကုန်များသည် ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားနေကာ ခရီးသွား လုပ်ငန်းမှ ဒေသတစ်ခု ထုတ်ကုန်တစ်ခုအစီအစဉ် ကို အောင်မြင်အောင်ဆောင်ရွက်နေသည်။  ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် လက်လုပ်ပိုးထည်များ၊ တောင်ပေါ်သားများ၏ လက်မှုပစ္စည်းနှင့် ဒေသထွက်ကော်ဖီများကို ထုတ်လုပ်နေသည်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် ကောက်ညှင်း အခြေခံဟင်းလျာများနှင့် ဒေသထွက် လက်ရက်အထည်များကို ထုတ်လုပ်နေသည်။ ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ကြွေထည်များ၊ ထိုင်းရိုးရာ အချိုပွဲများနှင့် ပြည်တွင်းထုတ် အုန်းသီး ထုတ်ကုန်များကို ထုတ်လုပ်နေသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပင်လယ်စာအရသာများ၊ အုန်းမှုတ်ခွက်လက်မှုပညာနှင့် လက်ရက်ဖျာ များကို ထုတ်လုပ်နေသည်။

 

အထက်ပါ ထုတ်ကုန်များသည် ကမ္ဘာလှည့် ခရီးသွားများအကြား ရေပန်းစားနေပြီး ဒေသတစ်ခု ထုတ်ကုန်တစ်ခုအစီအစဉ်ကို ခရီးသွားလုပ်ငန်းနှင့် တွဲဖက်၍ အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိရသည်။  ထိုင်းနိုင်ငံသည် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ နိုင်ငံတကာ ခရီးသွား ၅ ဒသမ ၅သန်း ကို ကြိုဆိုခဲ့ပြီး ဝင်ငွေ ဘတ် ၂၇၀ ဘီလီယံကျော် ရရှိခဲ့ကြောင်း သိရသည်။ ၎င်း ကာလအတွင်း အများဆုံးလာရောက်သည့် နိုင်ငံများမှာ မလေးရှား၊ တရုတ်၊ ရုရှား၊ တောင်ကိုရီးယား နှင့် အိန္ဒိယတို့ ဖြစ်သည်။

 

ခရီးသွားလုပ်ငန်းနှင့် အားကစားပွဲများ၊ ခရီးသွား လာမှုအစီအမံများကို အောင်မြင်အောင်ဆောင်ရွက် ခဲ့ခြင်းကြောင့် လာမည့်ရက်သတ္တပတ်များအတွင်း ဧည့်သည်ဝင်ရောက်မှု တိုးလာမည်ဟုခရီးသွား လုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား - Thailand Promote Tourism 2025

 


No comments

Powered by Blogger.