ပြည်တွင်းစားသုံးဆီဖူလုံဖို့ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကြပါစို့
သူဇာဝင်း
မြန်မာနိုင်ငံသည်
စိုက်ပျိုးရေးအခြေခံ နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဆန်၊ ပဲမျိုးစုံနှင့်
ဆီထွက် သီးနှံများကို အဓိကထား စိုက်ပျိုးလျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင်
ဆီထွက်သီးနှံစိုက်ဧက ၈ ဒသမ ၂၄ သန်း စိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။ ဆီထွက်သီးနှံများကို
ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့ ရောင်းချခြင်းတို့ရှိရာ
ဈေးကွက်ရရှိမှုအရ မြေပဲနှင့် နှမ်းအမျိုးမျိုးတို့ကို ပြည်ပသို့တင်ပို့ပြီး
စားအုန်းဆီ၊ နေကြာဆီ စသည့် စားသုံးဆီများကို ပြည်ပမှ တင်သွင်းလျက်ရှိသည်။
မြန်မာနိုင်ငံ၏
စားသုံးဆီတင်သွင်းမှုပမာဏ ၉၀ ရာခိုင်နှုန်းကျော်သည် စားအုန်းဆီဖြစ်ပြီး
ဈေးနှုန်းအရ ပြည်တွင်းဈေးကွက်တွင် နေကြာဆီ သည် စားအုန်းဆီထက် နှစ်ဆခန့်နှင့်
မြေပဲဆီနှင့် နှမ်းဆီတို့မှာ လေးဆခန့် ဈေးနှုန်းပိုမိုမြင့်မားနေကြောင်း
သိရှိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း စားသုံးဆီ ဖူလုံရေးအတွက်
ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးရေး နိုင်ငံတော်က လမ်းညွှန်ချက်များ ချမှတ်
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
မြေပဲ
မြေပဲသီးနှံသည် အရေးပါသည့်
ဆီထွက်သီးနှံ တစ်ခုဖြစ်ပါသည်။ မြေပဲသီးနှံတွင် ပင်ထောင်မြေပဲနှင့်
ပင်ပြန့်မြေပဲဟူ၍ နှစ်မျိုးရှိသည်။ ပင်ထောင် မြေပဲအမျိုးအစားမှာ
စပိန်ကလေးမြေပဲနှင့် ဂျပန် ကလေးမြေပဲတို့ဖြစ်သည်။ ဂျပန်ကလေးမျိုးမှာ
အနီရောင်အဆန်ရှိပြီး စပိန်မျိုး၏အဆန်မှာ ပန်းရောင် အဖျော့ရှိသည်။ ပင်ထောင်မြေပဲ၏
ပင်စည်နှင့် အကိုင်းများသည် ထောင်မတ်ပေါက်ရောက်ကြပြီး အသီးသီးရာတွင် အပင်ခြေတွင်
စုပုံရောနှော၍သီးပြီး အသီးမှာ သေးငယ်ပါသည်။
ပင်ထောင်မျိုးမှာ
သက်တမ်းသုံးလကြာပြီး အတောင့်အခွံပါး၍ အတောင့်တွင် အစေ့ပြည့်ဝပါသည်။ ပင်ပြန့် အမျိုးအစားမှာ
စပိန်ကြီးမြေပဲနှင့် ဗာဂျီးနီးယားမြေပဲတို့ဖြစ်သည်။ ပင်ပြန့်မြေပဲ၏ ပင်စည်သည်
ထောင်မတ်ပြီး အကိုင်းများမှာ မြေပြင်ပေါ်၌ တွား၍သွားကြသည်။ အသီးသီးလျှင် အကိုင်းတစ်လျှောက်
မြေကြီးနှင့် ထိသောနေရာများတွင်သီးပြီး အတောင့်အခွံထူ၍ မာကျောပါသည်။ ပင်ပြန့်မျိုးသည်
မြေပဲတောင့် တစ်တောင့်လျှင် တစ်လက်မခန့်ရှိပြီး သက်တမ်းမှာ ငါးလ၊ ခြောက်လခန့်အထိ
ကြာမြင့်သည်။ ပင်ထောင်မြေပဲသည် စိုက်ပျိုးပြီး ရက် ၁၁၀-၁၃၀ တွင် ရင့်မှည့်ပါသည်။
သက်တမ်းတို အရည်အသွေးကောင်း
မြေပဲမျိုးများသည် သက်တမ်းအလိုက်ရင့်မှည့်ရက် အမျိုးမျိုး ရှိပါသည်။
မြေပဲအခွံအတွင်း အဆန်အပြည့်အဝ ဖွံ့ဖြိုးပြီးချိန်တွင် မြေပဲတောင့်ရင့်မှည့်ပါသည်။
မြေပဲခွံ၏ အတွင်းနံရံသည် မီးခိုးရင့်ရောင်မှ အညိုသို့ ပြောင်းလာချိန်တွင်
ရိတ်သိမ်းရန်သင့်တော်သည့် အချိန်ဖြစ်ပါသည်။ ရိတ်သိမ်းချိန် စောလွန်းခြင်း၊
နောက်ကျလွန်းခြင်းသည် မြေပဲဆန်အရည်အသွေး ကျဆင်းစေသည်သာမက ပျက်စီးမှုများပြီး
အထွက်နှုန်းထိခိုက်စေပါသည်။ မြေပဲကိုတစ်ပင်လုံး ၏အရွက် ၇၅ ရာခိုင်နှုန်း
ခြောက်သွေ့ပြီး အရွက်ကျချိန်၊ မြေပဲတောင့်အတွင်း အညိုရောင်ငါးကြင်း
ကွက်များဖြစ်ပေါ်ချိန်တွင် ရိတ်သိမ်းခြင်းသည် အရည်အသွေးနှင့် ဆီပါဝင်မှုအမြင့်မားဆုံးကို
ပေးစွမ်းနိုင်ပါသည်။
မြေပဲသီးနှံတစ်ဧက
ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် အထောက်အကူပြုပေးနိုင်သည့် အောက်ဖော်ပြပါ
စိုက်ပျိုးနည်းစနစ်များအတိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပါသည် -
စိုက်ပျိုးနည်းစနစ်
- မျိုးစေ့နှုန်းမှာ တစ်ဧကလျှင်
မြေပဲတောင့် ခြောက်-ရှစ်တင်း လိုအပ်ပြီး ပင်ထောင်မြေပဲ ကို တန်းကြား၊ ပင်ကြား
၁၅" x ၄" နှင့် တစ်ဧကအပင်ရေ တစ်သိန်းခန့်၊ ပင်ပြန့် မြေပဲ တန်းကြား၊
ပင်ကြား ၁၈" x ၄" နှင့် အပင်ရေ တစ်ဧက ၈၅၀၀၀ ခန့်ရှိရမည်။
- တစ်ဧကလျှင်
နွားချေး/မြေဆွေးလှည်း ငါး-၁၀ စီးနှုန်း၊ ယူရီးယား ၂၈၅၆ ပေါင်၊ တီစူပါ ၈၄ -၁၁၂
ပေါင်နှင့် ပိုတက်ရှ် ၂၈ ပေါင်နှုန်းကို စိုက်ထယ်ရေးပြင်ချိန် ထည့်ပေးပါ။
လချေးမှုန့်မြေဩဇာ ၂၀၀-၂၅၀ ပေါင်နှုန်းကို မြေခံ(သို့) နောက်ဆုံး
ကြားလိုက်ချိန်(မြေတွင်းအစိုဓာတ်ရှိချိန်)၌ အပင်ခြေတွင် ထည့်ပေးပါ။ ပဲမြစ်ဖုဇီဝ
မြေဩဇာကို တစ်ဧကလျှင် တစ်ထုပ်နှုန်းဖြင့် မျိုးစေ့နှင့် လူးနယ် စိုက်ပျိုးသင့်သည်။
- အပင်ငယ်စဉ် စုပ်စားပိုး၊
ရွက်လိပ်ရွက်ကပ် ပိုးများကျပါက ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုး
ပက်ဖျန်းနှိမ်နင်းပါ။ ဖိုးလမင်းကျိုင်းနှင့် ခြများကျရောက်ပါက ပင်လုံးပြန့်
ပိုးသတ်ဆေးခဲကို စိုက်ချိန်တွင် စိုက်ကြောင်းအတွင်း ထည့်ပေးပါ။
- မြစ်ပုပ်၊ ခါးရိ၊
အစေ့ပုပ်ရောဂါများမှ ကာကွယ်ရန် မျိုးစေ့ကို မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့်
လူးနယ်စိုက်ပျိုးပါ။ ရွက်ပြောက်ရောဂါ ကျရောက်သော ဒေသများတွင်
သင့်တော်သည့်မှိုသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းပါ။
- ရေမြေဒေသနှင့်ကိုက်ညီသောမျိုး၊
အပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက်ရှိသော မျိုးစေ့ကို တစ်ဧကလျှင် မျိုးစေ့ ၁ ဒသမ ၅-၂
တင်းနှုန်း အသုံးပြုစိုက်ပျိုးပါ။
-
မျိုးစေ့ဆောင်ရောဂါများကင်းစင်ပြီး ရာသီ ဥတုဒဏ်၊ ပိုးမွှား/ရောဂါဒဏ်ခံနိုင်သော
မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။ မိုးခေါင်ဒေသများအတွက် (ဥပမာ ဆင်း ပဒေသာ-၆၊
ဆင်းပဒေသာ-၁၂၊ မကွေး-၁၁) မြေပဲမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။
- စိုက်ပြီး ၃၀-၃၅ ရက်အတွင်း
ပေါင်းမြက်များ အပြီးရှင်းပါ။ အထက်စွယ်များကို အတောင့်ဖြစ်စေရန်
ပန်းဖြိုင်ချိန်မှစ၍ နောက်ပိုင်းတွင် စိုက်ပေါင်တင်ခြင်းမပြုလုပ်ရပါ။
စွယ်ချချိန်နှင့် အဆန်ဖြည့်တင်းချိန် များဖြစ်သော အပင်သက်တမ်း ၄၅-၇၅ ရက်သားအတွင်း
အစိုဓာတ်လိုအပ်ပါက ရေသွင်းပေးပါ။
- မြေပဲတောင့် ၇၀ ရာခိုင်နှုန်း
ရင့်မှည့်ချိန်တွင် ရိတ်သိမ်းသင့်သည်။
- မျိုးအဖြစ်အသုံးပြုမည့်
စိုက်ခင်းကို ရေသွင်း၍ နုတ်သိမ်းခြင်းမပြုလုပ်ရ။
- မြေပဲတောင့်များ အခြောက်ခံရာတွင်
မြေကြီးနှင့် တိုက်ရိုက်မထိစေရန် မိုးကာ၊ ဖျာ၊ ကွန်ကရစ် တလင်းများပေါ်တွင်
လှန်းသင့်သည်။
- မြေပဲပင်များကိုနုတ်ပြီး
ချက်ချင်းဆွတ်ကာ ပါးပါးဖြန့်ပြီး နေပြင်းပြင်းတွင် သုံး၊ လေးရက် အခြောက်ခံရန်နှင့်
အစိုဓာတ် ၆-၇ ရာခိုင် နှုန်းထိရှိရန် လိုအပ်သည်။ လုံးပိန်၊ လုံးညှက်၊ ဖုန်၊ သဲ၊
ခဲများကို လူ/စက် ကိရိယာများ အသုံးပြု ၍ ဖယ်ရှားသန့်စင်သင့်သည်။
နှမ်း
နှမ်းသီးနှံသည်
ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပတင်ပို့မှုအတွက်ပါ အရေးပါသည့်
သီးနှံတစ်ခုဖြစ်ပါသည်။ နှမ်းသီးနှံသည်ပျမ်းမျှအားဖြင့် စိုက်ပျိုးပြီး ရက် ၇၀-၁၀၀
အတွင်း ရိတ်သိမ်း ရပါသည်။ နှမ်းမျိုးများအလိုက် ယေဘုယျအားဖြင့် စိုက်ပျိုးပြီး
၆၅-၇၅ ရက်အတွင်း ရင့်မှည့်ပါသည်။ နှမ်းပင်စည်နှင့် အရွက်သည် အစိမ်းရောင်မှ အနီရောင်သန်းသည့်
အဝါရောင်သို့ ပြောင်းသွားပါသည်။ နှမ်းကို စောရိတ်သိမ်းပါက အစိုဓာတ်များပြီး
ဆီပါဝင်မှု လျော့ကျစေပါသည်။
နောက်ကျရိတ်သိမ်းပါက နှမ်းသီးများ
အက်ကွဲ၍ အစေ့များ လွင့်စဉ်သွားသည့်အတွက် လေလွင့် ဆုံးရှုံးမှုများပြီး အရည်အသွေးပါကျဆင်းစေပါသည်။
နှမ်းပင်၏ အရွက်အားလုံး ၇၅ ရာခိုင်နှုန်း အဝါရောင် သန်းလာချိန်၊ နှမ်းသီးများ အညိုရောင်သို့ပြောင်းလာချိန်တွင် ရိတ်သိမ်းခြင်းသည် အရည်အသွေး
ကောင်းမွန်မှု၊ ဆီပါဝင်မှုပမာဏနှင့် ဆီ၏အရည် အသွေးကိုပါ ပေးစွမ်းနိုင်ပါသည်။
နှမ်းသီးနှံ တစ်ဧက
ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် အထောက်အကူပြုပေးနိုင်သည့် အောက်ဖော်ပြပါ
စိုက်ပျိုးနည်းစနစ်များအတိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပါသည် -
စိုက်ပျိုးနည်းစနစ်
- နှမ်းသီးနှံကို
တစ်ပင်တိုင်မျိုးနှင့် ကိုင်းဖြာမျိုး များအတွက် တန်းကြား၊ ပင်ကြား (၁၂"-
၁၅") (၄") ထားပါက ပေါင်းနှိမ်နင်းရန် အတွက် လွယ်ကူသည်။ တစ်ဧကမျိုးစေ့
နှစ်ပြည်နှုန်းနှင့် အသင့်တော်ဆုံး အပင် ရေမှာ တစ်သိန်းခန့်ရှိရန် လိုအပ်သည်။
- သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများကို
တစ်ဧကလျှင် သုံး-ငါးတန်အထိ မြေပြင်ချိန်တွင် နှစ်စဉ်ထည့်ပေးသင့်သည်။
- အထွက်နှုန်းကောင်းရန်အတွက်
မြေဆီလွှာ ကောင်း၊ သင့်၊ ညံ့အပေါ်မူတည်၍ စိုက်ပျိုးရာသီ တစ်လျှောက် သင့်တင့်သော
ဓာတ်မြေ ဩဇာများကို အချိုးညီ အချိန်ကိုက်ကျွေးသင့်ပါသည်။ မြေဩဇာ အသင့်အတင့်ကြွယ်ဝသော
မြေအတွက် ၂၆: ၁၃: ၇ (နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်) ကီလိုဂရမ်/ဧက
နှုန်းထားအား သတ်မှတ်ထားသည်။
- နှမ်းသီးနှံတွင် နှမ်းဖိုရောဂါ၊
နှမ်းပင် ညှိုးရောဂါ၊ အမြစ်နှင့် ပင်စည်ပုပ်ရောဂါများ ကျရောက်တတ်သည်။
ဖျက်ပိုးအနေဖြင့် ရွက်လိပ်ပိုး၊ ဖြုတ်ညို၊ နှမ်းဖလံနှင့် နှမ်းစေ့
စုပ်ကြမ်းပိုးများ ကျရောက်တတ်သည်။
- နှမ်းဖိုရောဂါသည် ဖြုတ်ပိုး
(ဖြုတ်ညို) မှ တစ်ဆင့်ကူးစက်သည်။ ဖြုတ်ပိုးကျရောက်မှုကို အချိန်မီသိရှိရန်
လိုအပ်သည်။ ဖြုတ်ပိုးစုပ်စားမှုကြောင့် အပင်ထိခိုက်ပျက်စီးမှုမရှိသော်လည်း
နှမ်းဖိုရောဂါဖြစ်စေသော သက်ရှိကို သယ်ဆောင်သောကြောင့် နှမ်းဖိုရောဂါ
ကူးစက်ပြန့်ပွားစေသည်။ ပင်ပိုင်းကြီးထွား ချိန်တစ်လျှောက် ကျရောက်နိုင်သည်။
- သင့်တော်သော ပိုးသတ်ဆေးဖျန်းရန်
လိုအပ်သည်။ ပေါင်းမြက်များကို ရှင်းလင်းပါ။ သီးလှည့် စိုက်ပျိုးပါ။ မျိုးစေ့ကို
ဆေးစီရင်ခြင်းပြုလုပ်ပါ။ ပင်လုံးပြန့်ပိုးသတ်ဆေး တစ်မျိုးမျိုးပက်ဖျန်းပါ၊
အခြားစိုက်ခင်းများ ထက် စောစောစိုက်ပျိုးခြင်းကို ရှောင်ပါ။ နှမ်းပင်ငယ်စဉ်
ပင်လုံးပြန့်ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ဖြုတ်ပိုးကို ကာကွယ်ပါ။
ရောဂါကျအပင်များကို နုတ်ယူဖျက်ဆီးပါ။
- နှမ်းစိုက်ပျိုးရန် ဈေးကွက်ရှိ၍
ရေမြေဒေသနှင့် ကိုက်ညီသော မျိုးကောင်း/မျိုးသန့် အထွက်ကောင်း မျိုးများကို
ရွေးချယ်စိုက်ပျိုး ၍ ရိတ်သိမ်းမှုလွယ်ကူရန် ထောက်ခံထားသော မျိုးများကို သုံးရန်
(ဥပမာ - ဆင်း ရတနာ-၂၊ ဆင်းရတနာ-၃၊ ဆင်းရတနာ-၄၊ ဆင်းရတနာ-၅၊ မကွေး-၇၊ မကွေး-၉၊
စမုန်နက်)။
- စိုက်ပြီး ၃၀-၃၅ ရက်အတွင်း
ပေါင်းမြက် များ အပြီးရှင်းပါ။
- နွေနှမ်းတွင် ရေပေးသွင်းပါက
အထွက်နှုန်းသိသာစွာထွက်ရှိကြောင်းတွေ့ရပြီး အပင်ကြီးထွားချိန်တွင် နှစ်ကြိမ်၊
သုံးကြိမ် ရေပေးသွင်းရန် လိုအပ်ပါသည်။
- နှမ်းသီးတောင့်များ ကြွေကျမှုမှ
ကာကွယ်ရန် နှမ်းပင်များမခြောက်မီ ရိတ်သိမ်းရမည်။
- နှမ်းရိတ်သိမ်းရန်
သင့်တော်သောအချိန်မှာ နှမ်းပင်များကောင်းစွာ ရင့်မှည့်ပြီး ပန်းပွင့်မှုရပ်သွားချိန်၊
အရွက်များ အဝါရောင်ပြောင်းပြီး စတင်ကြွေလာချိန်နှင့် သီးတောင့်များအစိမ်းရောင်ရှိပြီး
အစိုဓာတ် ပမာဏ အသင့်အတင့်ရှိနေသောအချိန်ဖြစ်သည်။
- နှမ်းပင်များအား ရိတ်သိမ်းပြီး
ချက်ချင်းစည်း၍ နေလှန်းရမည်။ သန့်ရှင်းသောဖျာ၊ စောင်ကြမ်းများ ပေါ်တွင် ရိုက်ခါ၍
အစေ့ခြွေ ခြင်း ပြုလုပ်နိုင်ပါသည်။
- သန့်စင်ပြီးနှမ်းစေ့များအား
အစိုဓာတ် ကိုးရာခိုင်နှုန်းရှိအောင်လှန်းပြီး အလုံပိတ်ထားသော ပုံးများထဲတွင်ထည့်၍
သိုလှောင်ရမည်။
နေကြာ
နေကြာသီးနှံသည်
ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပေးနေသော
သီးနှံတစ်ခုဖြစ်ပါသည်။ နေကြာသီးနှံ သည် စားသုံးဆီ၊ မုန့်ပဲသရေစာ၊
ဆေးဝါးနှင့်ဆေးဝါး အထောက်အကူပြုပစ္စည်းများအဖြစ် အသုံးပြုနိုင် ပြီး
နိုင်ငံခြားတင်ပို့မှုတွင်လည်း အရေးကြီးကဏ္ဍမှ ပါဝင်လျက်ရှိသည်။ နေကြာသီးနှံသည်
စိုက်ပျိုးထုတ်လုပ်မှုစရိတ် နည်းပါးခြင်း၊ စိုက်ပျိုးပြီးပါက
ပျက်စီးမှုနည်းပါးခြင်း၊ အထွက်နှုန်းနှင့် တစ်ဧကဆီထွက်နှုန်းကောင်းမွန်ခြင်း၊
သီးသန့်၊ သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ပြည်တွင်း
စားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြုနိုင် သည့်သီးနှံဖြစ်သည်။
နေကြာသီးနှံသည် အပူချိန် ၂၀-၂၅
ဒီဂရီ စင်တီဂရိတ်အတွင်း ကောင်းစွာဖြစ်ထွန်းသည်။ အနိမ့်ဆုံး ရှစ်ဒီဂရီစင်တီဂရိတ်မှ
အမြင့်ဆုံး ၃၄ ဒီဂရီ စင်တီဂရိတ်အထိ အထွက်နှုန်းသိသာစွာ မထိခိုက်ဘဲ ပေါက်ရောက်နိုင်သည်။
အပူချိန်မြင့်လျှင် ရင့်မှည့်မှုမြန်ပြီး သက်တမ်းတိုသွားသည်။ အပူချိန်
မြင့်မားလျှင် အစေ့တွင် ဆီပါဝင်မှုနှင့် ဆီအရည် အသွေးကို ထိခိုက်သည်။
ယေဘုယျအားဖြင့် ပန်းပွင့် ချိန်တွင် အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်အထက်ရှိပါက
အစေ့အထွက်နှုန်းနှင့် ဆီပါဝင်မှုကို လျော့နည်းစေသည်။ မိုးရေချိန် ၁၂ လက်မရရှိလျှင်
သင့်တင့်သောအထွက်နှုန်းကို ရနိုင်သည်။ သက်တမ်းရှည်သော နေကြာမျိုးများသည်
စိုက်ပျိုး ပြီး ရက် ၁၀၀-၁၄၀ တွင် ရင့်မှည့်ပါသည်။
နေကြာသီးနှံသည်
ရိတ်သိမ်းချိန်စောပါက အစေ့တွင်း အစိုဓာတ်ပါဝင်မှုများပြီး အရည်အသွေး ကျစေ၍ နောက်ကျရိတ်သိမ်းပါက
နေကြာစေ့အတွင်း ဆီ၏ဖွဲ့စည်းမှုပြောင်းလဲစေပြီး ဆီအရည်အသွေး ကျဆင်းစေပါသည်။
နေကြာပွင့်၏ နောက်ကျောဘက် အဝါရောင်မှ အညိုရောင် ပြောင်းလဲလာချိန်၊ အစေ့တွင်း
အစိုဓာတ် ၁၀-၁၂ ရာခိုင်နှုန်းရှိချိန်တွင် ရိတ်သိမ်းခြင်းသည် နေကြာဆီ
၏အရည်အသွေးကို ထိန်းထားနိုင်ပါသည်။ နေကြာသီးနှံကို သိုလှောင်မည်ဆိုပါက
သိုလှောင်ခြင်းမပြုမီ အစေ့အစိုဓာတ်သည် ကိုးရာခိုင်နှုန်း (သို့) ထို့ထက်လျော့နည်းသင့်သည်။
ရိတ်သိမ်းချိန် အစေ့ထိခိုက် ပျက်စီးပါက ဆီတွင်ပါဝင်သော Free Fatty Acid
များတိုးလာပြီး ဆီအရည်အသွေး ကျဆင်းစေသည်။
နေကြာသီးနှံ တစ်ဧက ပန်းတိုင်အထွက်နှုန်း
ရရှိစေရေးအတွက် အထောက်အကူပြုပေးနိုင်သည့် အောက်ဖော်ပြပါ
စိုက်ပျိုးနည်းစနစ်များအတိုင်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
စိုက်ပျိုးနည်းစနစ်
- နေကြာသီးနှံကို တန်းကြား
နှစ်ပေ။ ပင်ကြား ကိုးလက်မဖြင့် စိုက်ပျိုးသင့်ပါသည်။
- သဘာဝမြေဩဇာကို တစ်ဧကလျှင် နှစ်တန်
မှ ၁၄ တန် အသုံးပြုခြင်းသည် ဓာတ်မြေဩဇာ သုံးစွဲမှု ၅၀ ရာခိုင်နှုန်း သက်သာစေသည်။
- ရေသွင်းစိုက်ဧရိယာများတွင်
တစ်ဧကလျှင် နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်နှင့် ပိုတက်ရှ်ကို ၂၄-၃၂-၂၄
ကီလိုနှုန်းနှင့် မိုးကောင်း သောက်ဧရိယာများအတွက် တစ်ဧကလျှင် ၁၆-၂၀-၁၆ ကီလိုနှုန်း
ထည့်သွင်းပေးရန် လိုအပ်သည်။
- အပင်ပေါက်ရာခိုင်နှုန်း ၈၀ - ၉၀
ခန့် ရှိသော မျိုးသန့်မျိုးစေ့အား ရွေးချယ်စိုက်ပျိုးသင့်သည်။
တစ်ဧကမျိုးစေ့နှုန်းထားမှာ ခုနစ်-ကိုး ကီလိုနှုန်းဖြစ်သည်။ မြန်မာနိုင်ငံတွင်
လက်ရှိ စိုက်ပျိုးလျက်ရှိသောမျိုးများမှာ ဆင်းရွှေကြာ-၁၊ ဆင်းရွှေကြာ-၂၊
ရေဆင်းစပ်မျိုး -၁ တို့ ဖြစ်ပါသည်။
-
ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း၊ လက်ပေါင်း တစ်ကြိမ်လိုက်ခြင်းနှင့် စိုက်ပြီး ၃၅
ရက်အတွင်း ကြားပေါင်းလိုက်ခြင်း ပြုလုပ်ရမည်။
- နေကြာသည် ရေဝပ်ဒဏ်မခံနိုင်၍
ရေစီး ရေထုတ်ကောင်းရန် လိုအပ်သည်။
- အပင်၏ဇီဝကမ္မပိုင်းဆိုင်ရာ
ရင့်မှည့်ချိန်အထိ ရေငတ်ခြင်းမရှိဘဲ ရေလုံလောက်စွာရရှိရန် အရေးကြီးသည်။
- အဖူးဝင်ချိန်နှင့် ၅၀
ရာခိုင်နှုန်း ပန်းပွင့်ချိန် ရေလိုအပ်ပါက ရေသွင်းပေးရန်လိုအပ်သည်။
မြန်မာနိုင်ငံအတွင်း
စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သော (မြေပဲ၊ နှမ်း၊ နေကြာ) တို့၏
ပန်းတိုင်အထွက်နှုန်း အပြည့်အဝရရှိရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို
ရေးသားတင်ပြခြင်း ဖြစ်ပါသည်။


No comments