ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ရှားပါးမျိုးစိတ်ဝင် ဘင်္ဂလားကျားနှင့် ဝက်ဝံမျိုးစိတ်တို့ ရှင်သန်ကျက်စားလျက်ရှိ



ရန်ကုန် ဖေဖော်ဝါရီ ၂၃


ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ တိရစ္ဆာန်မျိုးစိတ်များ ရှင်သန်ကျက်စားမှုကို လေ့လာသိရှိနိုင်ရန် နှစ်စဉ်ကင်မရာထောင်ချောက်များ တပ်ဆင်၍ မှတ်တမ်းယူလေ့ရှိရာ ယခုနှစ်တပ်ဆင်ထားသည့် ကင်မရာထောင်ချောက်များမှတစ်ဆင့် ရှားပါးမျိုးစိတ်ဝင် ဘင်္ဂလားကျားနှင့် ဝက်ဝံမျိုးစိတ် ရှင်သန်ကျက်စားမှုကို ဆက်လက်တွေ့ရှိရကြောင်း ထမံသီတော ရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်‌ရေးမှူးရုံးမှ သိရသည်။

ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်‌ရေးမှူးရုံးသည် ဘေးမဲ့တောအတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်က ကင်မရာထောင်ချောက်များ တပ်ဆင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်၌ ကင်မရာများ ဖြုတ်သိမ်းခဲ့ကာ တောရိုင်းတိရစ္ဆာန်ကောင်ရေနှင့် အမျိုးအစားအလိုက် ရှင်သန်ကျက်စားမှုကို ဆက်လက်စစ်ဆေး မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။




“ဒီနှစ်မှာလည်း နန်ရန်းရင်တစ်ဝိုက်မှာ တစ်ပွိုင့်ကို ၂ လုံး၊ တစ်ယူနစ်ကို ကင်မရာ ၁၂ လုံး နဲ့ ကင်မရာထောင်ချောက် ၂၄ လုံးတပ်ဆင်ခဲ့ပါတယ်။ ရရှိထားတဲ့ပုံတွေကို ပြန်စစ်တဲ့အခါမှာ အရင်နှစ်ကလို ကျားနဲ့ဝက်ဝံတွေ ရှင်သန်ကျက်စားမှုကို တွေ့ခဲ့ရပါတယ်။ ကင်မရာတစ်လုံးကို ပုံထောင်ကျော်ရရှိတဲ့အတွက် စစ်ဆေးမှုအားလုံးတော့ မပြီးသေးပါဘူး။ ထမံသီဘေးမဲ့တောကြီး ရေရှည်တည်တံ့ဖို့အတွက် ‌ဒေသခံတွေအပါအဝင် အားလုံးဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်မှသာ အောင်မြင်မှုရရှိမှာပါ”ဟု ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင် က ပြောကြားသည်။


စစ်ကိုင်းတိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ ခန္တီးမြိုနယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်း တည်ရှိသည့် ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၁၉၇၄ ခုနှစ်၊ မေလတွင် ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ စက်တင်ဘာ (၁) ရက်တွင် ဟုမ္မလင်းမြို့၌ အုပ်ချုပ်‌ရေးမှူးရုံးဖွင့် လှစ်၍ ဘေးမဲ့တော ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၈ ရက်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အတည်ပြုသတ်မှတ်ခြင်း ခံခဲ့ရသည်။

အမြဲစိမ်းတောနှင့် အထက်ရွက်ပြတ်ရောနှောတောစိုအဖြစ် တည်ရှိသည့် ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ရှားပါးတောရိုင်းတိရစ္ဆာန်များ၊ ငှက်မျိုးစိတ်များ၊ အပင် မျိုးစိတ်များစွာ တည်ရှိနေပြီး မြန်မာနိုင်ငံတွင်သာတွေ့ရှိရသော မြန်မာ့တိုက်လိပ် အပါအဝင် နို့တိုက်သတ္တဝါ ၅၇ မျိုး၊ ငှက်မျိုးစိတ် ၃၃၂ မျိုး၊ ငါးမျိုးစိတ် ၆၇ မျိုး၊ ကုန်းနေရေနေနှင့် တွားသွား သတ္တဝါ ၇၇ မျိုး၊ အပင်မျိုးစိတ် ၄၃၂ မျိုး၊ ဆေးဖက်ဝင်အပင် ၁၉ မျိုး၊ ဝါး ၁၄ မျိုး၊ ကြိမ် ၈ မျိုး၊ ရေနေပင် ၂၃ မျိုး၊ မြက် ၁၈ မျိုးနှင့် သစ်ခွ ၁၆ မျိုးတို့ ရှင်သန်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
သစ္စာ(MNA)

No comments

Powered by Blogger.