ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်
နေပြည်တော် ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စေတီတော်မြတ်ကြီး၏ တပေါင်းကွင်းအတွင်း၌ ၁၃၈၆ - ခုနှစ်၊ တပေါင်းလဆန်း (၉) ရက်မှ တပေါင်းလပြည့်နေ့အထိ (မတ် ၇ ရက်မှ ၁၃ ရက်အထိ) ခုနစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ဂေါပကအဖွဲ့မှ သိရသည်။
ထို့ပြင် ပွဲတော်လာပြည်သူများအတွက် ရေကျော်ဂီတဖျော်ဖြေရေးအဖွဲ့က မတ် ၇ ရက်မှ ၉ ရက်အထိလည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဖျော်ဖြေရေး အဖွဲ့က မတ် ၁၀ ရက်နှင့် ၁၁ တို့တွင်လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ ဖျော်ဖြေရေးအဖွဲ့က မတ် ၁၂ ၌ လည်းကောင်း၊ မြဝတီရုပ်မြင်သံကြား ဖျော်ဖြေရေးအဖွဲ့က မတ် ၁၃ ရက်၌လည်းကောင်း အခမဲ့ဖျော်ဖြေတင်ဆက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖျော်ဖြေပွဲများအပြင် ချား၊ ရဟတ်၊ ပျော့ပျော့အိ ကလေးကစားကွင်းများ စသည့်ပျော်ရွှင်ဖွယ် အစီအစဉ်မျိုးစုံကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည့်အတွက် ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူး ပြည်သူများနှင့် သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းတို့အနေဖြင့် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရင်း တပေါင်းပွဲတော်ကြီးတွင် ပါဝင်ဆင်နွှဲနိုင်ကြကြောင်း ဂေါပကအဖွဲ့က အသိပေးနှိုးဆော် ထားကြောင်း သိရသည်။
သတင်းစဉ်
No comments