ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆည်ရေသောက်စနစ်များ စိုက်ပျိုးရေပေးဝေနိုင်ရေး ကွင်းဆင်းဆောင်ရွက်
နေပြည်တော် ဖေဖော်ဝါရီ ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ သနပ်ပြင် ကျေးရွာရှိ ငမိုးရိပ်ဆည်ရေသောက်စနစ် နွေစပါးစံပြ (၁၄၈) ဧက စိုက်ကွင်းကို ကွင်းဆင်း ကြည့်ရှုသည်။
ထို့သို့ ကွင်းဆင်းကြည့်ရှုစဉ် တာဝန်ရှိသူများက ငမိုးရိပ်ဆည်ရေသောက်စနစ် စိုက်ပျိုးရေ ပေးဝေနေမှုနှင့် နွေစပါး စိုက်ပျိုးထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေပေးဝေရာတွင် ရေအလေအလွင့်မရှိစေရေး၊ ဖော်ထုတ်ပြီး စက်မှု လယ်ယာ စနစ်တကျလယ်မြေများတွင် စံပြကွက်များအဖြစ် စိုက်ပျိုးရေးဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ထန်းတပင်မြို့နယ် (တက်သစ်ကျွန်း) အတွင်းရှိ ပန်တိုင် (၁) ရေတံခါးသို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးက ရေတံခါးများ ကြံ့ခိုင်မှု၊ ရေသွင်းရေထုတ်မြောင်းများ တိမ်ကောမှု မဖြစ်စေရန် ဆောင်ရွက်ထားရှိမှု၊ ဒိုက်ဗေဒါများ ပိတ်ဆို့မှု မဖြစ်ပေါ်စေရေး ထိန်းသိမ်းဆောင်ရွက်နေမှု၊ နွေစပါးလျာထားစိုက်ဧကများ ပြည့်မီရေး တွန်းအားပေး ဆောင်ရွက်နေမှု၊ ဆတ်ကလေးကွင်း၊ ကျားဟုန်းကွင်း၊ ပက်အင်းကလေးကွင်းအတွင်း နွေစပါးစိုက်ပျိုးရေပေးဝေနေမှုနှင့် စိုက်ပျိုးပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ထန်းတပင်မြို့နယ်အတွင်း ရေဘေး ကာကွယ်ရေးတာများ သတ်မှတ်အမြင့် ACL ပြည့်မီအောင် ထိန်းသိမ်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေစပါးစိုက်ဧက (၂၅၀၀၀၀) ကျော်နှင့် အခြားသီးနှံ စိုက်ဧက (၅၂၀၀၀၀) ကျော် လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments