ဓမ္မနှင့်အဓမ္မ ခွဲခြားသိမြင်နိုင်ပါမှ
စာဖတ်ပရိသတ်တစ်ဦး
ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်များ၊
အထူးသဖြင့် အမေရိကန်နိုင်ငံရေးလောကမှ ခေါင်းဆောင်များနှင့် နိုင်ငံရေး သမားအများစုသည်
ရွေးကောက်ပွဲအကြိုကာလများနှင့် အခမ်းအနားမိန့်ခွန်းများတွင် ရှေးရှေးကသမ္မတများ၊
ကမ္ဘာ့ခေါင်းဆောင်များ၏ ကမ္ဘာကျော်မိန့်ခွန်းကောက်နုတ်ချက်များကို
ကိုးကား၍တစ်နည်း၊ လိုရင်းတိုရှင်းထိမိသော၊ အားပါသောကြွေးကြော်သံများ၊
ဆောင်ပုဒ်များဖြင့်တစ်ဖုံ မဲဆန္ဒရှင်များ၊ ပြည်သူများ ရင်ထဲ အသည်းထဲ
စွဲထင်ကျန်ရစ်အောင် ပြောဆိုလေ့ရှိကြသည်-
လက်ရှိအမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်၏ “Make America Great Again”၊ “America Frist” ဟူသော ဆောင်ပုဒ်များ၊
ကြွေးကြော်သံများနှင့် လက်ရှိပေါ်လစီသဘောထားများဆိုမူ ကမ္ဘာတစ်ခွင် ပဲ့တင်ထပ်မျှ
ရိုက်ခတ်လျက်ရှိပေသည်။ တစ်ချိန်က အမေရိကန်နိုင်ငံ၏ ၄၀ မြောက် ရီပတ်ဘလစ်ကင်
သမ္မတဖြစ်သူ ရော်နယ်ရီဂင်၏ “Together --- A New Beginning” (အတူတကွအသစ်တစ်ဖန် စတင်
ကြပါစို့) ဟူသည့် ကြွေးကြော်သံနှင့် အမေရိကန် နိုင်ငံ၏ ၄၇ ဦးမြောက်
ဒီမိုကရက်တစ်သမ္မတဖြစ်သူ ဘာရက်အိုဘားမား၏ “Change” (အပြောင်းအလဲ) ဟူသည့်
ကြွေးကြော်သံများကလည်း သူ့ခေတ် သူ့အခါက အလွန်ရေပန်းစားခဲ့သည်။
ထို့အတူ ရီဂင်က
သမ္မတရာထူးလက်ခံသည့်အခမ်းအနားတွင် ဗြိတိသျှနန်းရင်းဝန် ဝင်စတန်ချာချီ၏
တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားခဲ့သော “မိမိ၏လူမျိုး၊ လူ့အဖွဲ့အစည်းကြီး ပြိုကွဲ
ပျက်စီးမည့် အရေးကို ဦးစားပေးဆောင်ရွက်ရန် မိမိဤရာထူးကို
လက်ခံရခြင်းမဟုတ်ပါကြောင်း” ဟူသည့် စကားများကို ထုတ်နုတ်ကိုးကား၍ “ကျွန်ုပ်တို့ရင်ဆိုင်တွေ့ဆုံနေရတဲ့
ပြဿနာအရေးကိစ္စတွေကို ကျွန်ုပ်တို့ ဖြေရှင်းနိုင်ပါ့မလားလို့မေးရရင် အဖြေကတော့
ရှင်းလင်းပြတ်သားတိကျသေချာတဲ့ ‘ဟုတ်ကဲ့ ဖြေရှင်းနိုင်ပါတယ်ဆိုတာပါပဲ’၊ ဝင်စတန်ချာချီရဲ့စကားနဲ့
ဆင်တူယိုးမှားသုံးနှုန်းပြောကြားရပါက ခုနလေးတင်က ကျွန်ုပ်တို့ကျိန်ဆိုခဲ့တဲ့
ကျမ်းသစ္စာဟာ ကမ္ဘာပေါ်မှာ အတောင့်တင်း အခိုင်မာဆုံးသော စီးပွားရေးစနစ်ကြီးကို
ပြိုကွဲပျက်သုဉ်းစေရန် ဦးတည်ရည်သန် အကောင်အထည်ဖော်လုပ်ဆောင်ရန်
ကျိန်ဆိုခဲ့ခြင်းမဟုတ်ပါဘူး” စသည်ဖြင့်ပြောကြားခဲ့ဖူးသည်။
စကားပြောကောင်းသော နိုင်ငံရေးသမားတစ်ဦးအဖြစ်
သတ်မှတ်ထားသည့် သမ္မတ ဘာရက် အိုဘားမားကလည်း သမ္မတရာထူးလက်ခံသည့် အခမ်းအနားတွင်
“ဟောဒီနေ့မှာ ကျွန်တော်တို့ စုရုံး ကြတဲ့ အကြောင်းရင်းကတော့ အကြောက်တရားအစား
မျှော်လင့်ခြင်းကို ရွေးလိုက်ကြလို့ပါပဲ။ ပဋိပက္ခနဲ့ အစည်းပြေခြင်းအစား
သန္နိဋ္ဌာန်နဲ့ စည်းလုံးခြင်းကို ရွေးချယ်လိုက်ကြတာကြောင့်ပါ။ ဟောဒီနေ့မှာ
ရောက်လာကြတာဟာ နာကြည်းချက်လေးတွေနဲ့ ကတိအတုအယောင်တွေကို အဆုံးသတ်ရေး
ကြွေးကြော်ဖို့ဖြစ်ပါတယ်။ အပြန်အလှန်စွပ်စွဲခြင်းနဲ့ ပွန်းပါးနေပြီဖြစ်တဲ့ တရားသေ ဝါဒတွေကို
စွန့်ပယ်ဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပျိုမျစ်တဲ့နိုင်ငံဖြစ်နေဆဲပါ။ ဒါပေမဲ့
သမ္မာကျမ်းအရပြောရမယ်ဆိုရင် ကလေးဆန်တဲ့ကိစ္စတွေ ဘေးဖယ်ထားဖို့အချိန်ရောက်နေပါပြီ။
ကျွန်တော်တို့ရဲ့သမိုင်းကြောင်း ပိုကောင်းအောင်ရွေးချယ်ဖို့ လူတိုင်းသာတူညီမျှရှိခွင့်၊
လူတိုင်း လွတ်လပ်ခွင့်နဲ့ ပြည့်ဝတဲ့ပျော်ရွှင်မှုကို လူတိုင်းရှာဖွေခွင့်ဆိုတဲ့
ဘုရားသခင်ရဲ့ ကတိတော် ဖြစ်တဲ့ ကျွန်တော်တို့ရထားတဲ့ အဲဒီအဖိုးတန် လက်ဆောင်နဲ့
မွန်မြတ်တဲ့စိတ်ကူးကို မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းပေးဖို့ အချိန်ရောက်ပါပြီ”
စသည်ဖြင့်ပြောကြားခဲ့သည်။
ထို့အတူ အိုဘားမား၏
“သမုဒ္ဒရာတွေမြင့်တက်လာပြီး ငတ်မွတ်ခေါင်းပါးမှု ကျယ်ပြန့်စွာကြုံတွေ့ နေရပြီးတော့
ကြောက်စရာမုန်တိုင်းများက ဖျက်ဆီးနေတဲ့ကမ္ဘာမျိုး ကျွန်တော်တို့ရဲ့ကလေးတွေ အတွက်
ချန်မထားခဲ့ဖို့ ကျွန်တော်တို့သန္နိဋ္ဌာန်ချကြရမှာဖြစ်ပါတယ်”ဟူသည့်
“စည်းလုံးသောကမ္ဘာ” မိန့်ခွန်းနှင့် “မျက်ရည်ပေါက်များစွာ ကျခဲ့ပြီးသလို
သွေးပေါက်များစွာလည်း သွန်းခဲ့ပါပြီ။ အစ္စရေးနဲ့ ပါလက်စတိုင်းမိခင်တွေ
သူတို့ရဲ့သားသမီးတွေ အကြောက်တရားကင်းကင်း ကြီးပြင်းလာစေမယ့် ရက်ကို
ရောက်အောင်လုပ်ဖို့ ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်” ဟူသည့်
ကိုင်ရိုမိန့်ခွန်းတို့မှာ လည်း ကမ္ဘာကျော်ခဲ့သည်။
အပြောနှင့်အလုပ် ညီ မညီ၊ ထပ်တူကျ
မကျကိုမူ နိုင်ငံရေးလေ့လာသူများ၊ နိုင်ငံရေးကို စိတ်ပါဝင် စားသူများအနေဖြင့်
ရီဂင်ခေတ်နှင့် အိုဘားမားခေတ်ကို လေ့လာချိန်ထိုး၊ ဆန်းစစ်ဝေဖန်သုံးသပ် ကြည့်လျှင်
သိနိုင်ပေမည်။
အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းကမူ “လွတ်လပ်သည့်အချုပ်အခြာ အာဏာပိုင် မြန်မာနိုင်ငံတော်အတွက်
ရေးဆွဲမည့်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် လမ်းညွှန် ပြဋ္ဌာန်းချက်အဆို”ကို
တိုင်းပြုပြည်ပြု လွှတ်တော်၌ တင်သွင်းစဉ်က “ရာဇဝင်တွင် ထင်ရှားခဲ့သော
မြန်မာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ ဂုဏ်ကျက်သရေနှင့်လျော်ညီစွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့
ရောက်ရှိစေရမည့်အပြင် လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုး ချမ်းသာရေးကိုသာ
တာဝန်အလျောက် စေတနာအစွမ်းကုန် ဖြည့်စွမ်းထမ်းရွက်ကာ ပြည်ထောင်စု အချင်းချင်းဆိုင်ရာ
တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာတို့ကို အခြေပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေး ရှေးရှုလျက်
နိုင်ငံတကာနှင့် မိတ်ဝတ်မပျက် တွဲဖက်ပူးပေါင်းဆောင်ရွက်မှုကို
ခိုင်မြဲသောအဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့” ဟူသည့်အချက်နှင့် ပတ်သက်၍ “ဒါကတော့
ဥဒါန်းကျူးရင့်တဲ့ သဘော မျိုးပါပဲ။ ငါတို့ နိုင်ငံတော်ကြီးဟာ ကမ္ဘာရဲ့အလယ်မှာ
လူသတ္တဝါတို့၏ ကောင်းကျိုးချမ်းသာကိုလုပ်မည်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို
တည်ထောင်ပြီး အမြဲတမ်းစောင့်ထိန်းမည်ဆိုတဲ့ဟာပါပဲ။ ဒါကတော့ နိုင်ငံတကာတိုင်း
ကြီးကြီးကျယ်ကျယ် ပြောတဲ့စကားတွေပဲ၊ တကယ်လုပ်သလားဆိုတော့ သိပ်မလုပ်ကြပါဘူး။
ဒါကတော့ ကျွန်တော်တို့ လူများကြည့်ကောင်းအောင်၊ ကမ္ဘာက ကြည့်ကောင်းအောင် လုပ်ရမယ်။
ဖတ်လိုက် ရလို့ရှိရင် ပါးစပ်ထဲမှာ ပြည့်သွားအောင် လုပ်ထား တာပဲ။ တောကလူတွေ
ဖတ်လိုက်ရရင်တော့ ဘာမျှနားလည်မှာမဟုတ်ဘူး”ဟူ၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုသွားခဲ့သည်။
ယနေ့မျက်မှောက်ခေတ်
မြန်မာ့နိုင်ငံရေးလောကတွင်လည်း လက်နက်ကိုင်အဖွဲ့အစည်း အချို့မှ
ခေါင်းဆောင်ဆိုသူများက ဖက်ဒရယ်ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေး၊
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဘာအရေး ညာအရေးစသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်၍
ပြောကြဆိုကြ၊ ကြေညာချက်ထုတ်ပြန်လျက်ရှိကြသည်။ အပေါ်စာပုဒ်တွင်
ငြိမ်းချမ်းရေးစကားကို ဖော်ပြ၍ နိဂုံးပိုင်းတွင်စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း ရေးဟု
အမြီးအမောက်မတည့် ဆိုကြသည်။
သမ္မတရီဂင်က တစ်ချိန်က ဆိုဗီယက်
ပြည်ထောင်စုကို မကောင်းဆိုးဝါးအင်ပါယာကြီး (The Evil Empire)ဟူ၍လည်းကောင်း၊ သမ္မတ
ဘုရှ်က မြောက်ကိုရီးယား၊ အီရတ်နှင့် အီရန်နိုင်ငံ တို့ကို မကောင်းဆိုးဝါး ဝင်ရိုးတန်းသုံးနိုင်ငံ
(Axis of Evil)ဟူ၍လည်းကောင်း ပုံဖော်နာမည်ပေးခဲ့သလို နိုင်ငံရေးသမားအမည်ခံ
ပြည်ဖျက်များ၊ လှုပ်ရှားတက်ကြွသူများက လက်ရှိ မြန်မာ့နိုင်ငံရေး အခြေ အနေကို
ဓမ္မနှင့် အဓမ္မအဖြစ် ပုံဖော်လာကြသည်။
လောကီရေးဆိုင်ရာကိစ္စရပ်များတွင်
ဓမ္မနှင့် အဓမ္မကို တရားခြင်း၊ မတရားခြင်းဖြင့် ချိန်ထိုး ဆုံးဖြတ်၍ သူ့ဘက်
ကိုယ့်ဘက်၊ သူမှန်သည် ကိုယ်မှန်သည်ဟု လွန်ဆွဲရင်း ဓမ္မဝါဒီ၊ အဓမ္မဝါဒီ၊
ဓမ္မဘက်တော်သား၊ အဓမ္မဘက်တော်သားအဖြစ် ပုံဖော်သုံးနှုန်းပြောဆိုလေ့ရှိသော်လည်း
လောကုတ္တရာနယ်ပယ်တွင် မြတ်စွာဘုရားရှင်က ဓမ္မနှင့်အဓမ္မကို သုစရိုက် ဆယ်ပါး၊
ဒုစရိုက် ဆယ်ပါးနှင့် ခွဲခြမ်း စိတ်ဖြာ၍ ဟောဖော်ညွှန်ပြ ဆိုဆုံးမခဲ့သည်။
သုစရိုက်ဆယ်ပါးမှာ (၁) သူ့အသက်ကို
သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ (၂) သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၃)သူ့ သားမယားကိုလွန်ကျူးခြင်းမှ ရှောင်ကြဉ်ခြင်း၊ (၄) မဟုတ်မမှန်ပြောဆိုခြင်းမှ
ရှောင်ကြဉ်ခြင်း၊ (၅) ကုန်းတိုက်စကားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ (၆) ကြမ်းတမ်းသောစကားကို
ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ (၇) ပြိန်ဖျင်းသောစကားကိုပြောဆိုခြင်းမှ
ရှောင်ကြဉ်ခြင်း၊ (၈)သူ့ စည်းစိမ်ကို ရှေးရှုမကြံခြင်း၊ (၉) သူတစ်ပါးကို
ပျက်စီးစေလိုသောစိတ်မရှိခြင်း၊ (၁၀) မှန်ကန်သော အယူကိုယူခြင်း တို့ဖြစ်သည်။
ဒုစရိုက်ဆယ်ပါးမှာ (၁) သူ့အသက်ကိုသတ်ခြင်း၊
(၂) သူ့ဥစ္စာကို ခိုးယူခြင်း၊ (၃) သူ့အိမ်ရာ ကိုပစ်မှားခြင်း၊ (၄) ဟုတ်မမှန်
ပြောဆိုခြင်း၊ (၅) ကုန်းချောခြင်း၊ (၆) ကြမ်းတမ်းသောစကား ပြောဆိုခြင်း၊ (၇) အကျိုးမရှိသောစကားကိုဆိုခြင်း၊
(၈) သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံခြင်း၊ (၉) သူတစ်ပါး
ပျက်စီးအောင်ကြံစည်တောင့်တခြင်း၊ (၁၀) မှားသော အယူကိုယူခြင်းတို့ဖြစ်သည်။
အချုပ်အားဖြင့် သုစရိုက်ဆယ်ပါးနှင့် ဒုစရိုက်ဆယ်ပါးတို့တွင် ကာယကံသုံးပါး၊
ဝစီကံလေးပါးနှင့် မနောကံသုံးပါး တို့ဖြစ်သည်။
ထိုဓမ္မနှင့် အဓမ္မတို့သည်
သဘာဝဥပဒေသတို့ ဖြစ်သည်။ မြတ်စွာဘုရားရှင်က သတ်မှတ်ခဲ့ခြင်း မဟုတ်။
ရှာဖွေတွေ့ရှိဖော်ထုတ်ခဲ့ခြင်းသာဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များမှ မဟုတ်၊
ကမ္ဘာ့လူသားတိုင်းနှင့် သက်ဆိုင်သည့် သဘာဝဥပဒေသများသာဖြစ်သည်။ ဓမ္မကိုလိုက်နာကျင့်သုံးသူကို
ဓမ္မစာရီ၊ ဓမ္မကိုပစ်ပယ်၍ အဓမ္မတရားကျူးလွန်သူကို အဓမ္မ စာရီအဖြစ်
သုံးနှုန်းဖော်ပြထားသည်။
ထို့အတူ ဓမ္မော ဟဝေ ရက္ခတိ
ဓမ္မစာရိံ။ ဓမ္မော-တရားသည်၊ ဓမ္မစာရိံ - တရားကို ကျင့်သောသူကို၊ ဟဝေ - စင်စစ်၊
ရက္ခတိ - စောင့်၏ဟူသည့်အတိုင်း တရားစောင့်သူကို တရားကပြန်စောင့်သည်ဟု
ဗုဒ္ဓစာပေကျမ်းဂန်များတွင် ဖော်ပြထားသည်။ ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသကလည်း သုစရိုက်ဆယ်ပါး၊ ဒုစရိုက် ဆယ်ပါးနှင့်စပ်လျဉ်း၍ “ဓမ္မသည်
ဓမ္မကို ကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို လုံးဝစောင့်ရှောက်ပေးသည်” ခေါင်းစဉ်ဖြင့်
ဟောကြားတော်မူခဲ့ပါသည်။
ငါးရာ့ငါးဆယ်နိပါတ်တော်တွင်လည်း
ဓမ္မနတ်သားနှင့် အဓမ္မနတ်သားတို့အကြောင်းကို ဖော်ပြရာတွင်
ဘုရားလောင်းဓမ္မနတ်သားသည် ကောင်းကင်မှနတ်ရထားဖြင့် လူအများတရားစောင့်ရန်၊
ဒုစရိုက်ဆယ်ပါး အဓမ္မတရားများကို ရှောင်ကြဉ်ကြရန် နှိုးဆော်တိုက်တွန်းပေးလေ့ရှိ
သကဲ့သို့ ဒေဝဒတ်လောင်း အဓမ္မနတ်သားကလည်း ဓမ္မကို အဓမ္မ၊ အဓမ္မကိုဓမ္မအဖြစ်
မဟုတ်မမှန် လီဆယ်၍ လူအများကို အဓမ္မတရားများ ကျူးလွန်မိစေရန်
မြှောက်ပင့်တိုက်တွန်းလေ့ရှိသည်။
အခါတစ်ပါးတွင် ထိုဓမ္မနှင့်
အဓမ္မနတ်သားတို့ ရထားချင်းဆုံ၍ သူဖယ်၊ ကိုယ်ဖယ် အငြင်းပွားရာမှ ဓမ္မနတ်သားက
သည်းခံအလျှော့ပေး လမ်းဖယ်ပေးခဲ့ရာ အဓမ္မနတ်သားမှာ နတ်ရထားနှင့်အတူ
ကောင်းကင်မှပြုတ်ကျပြီး ငရဲသို့လားခဲ့ကြောင်း မှတ်သားခဲ့ဖူးပါသည်။
သို့ဆိုလျှင် နိုင်ငံရေးကိုလေ့လာသူများ၊
စိတ်ပါဝင်စားကြသူများအနေဖြင့် နိုင်ငံရေးလောကမှ နိုင်ငံရေးသမားအချို့၏
မစားရဝခမန်းပြောဆိုနေမှုများ၊ ကိုယ်ကျိုးစီးပွားအပေါ် အခြေခံ၍ မလိုလျှင် မလိုသလို
ပုံဖော်ဖန်တီးပြောဆိုမှုများအပေါ် အပြောနှင့်အလုပ် ညီ၊ မညီ လေ့လာချိန်ထိုး
ဝေဖန်စိစစ် ကြည့်နိုင်ရန်နှင့် မိမိကိုယ်တိုင်လည်း ဓမ္မဝါဒီလား၊ အဓမ္မဝါဒီလား၊
ဓမ္မကိုကျင့်သုံးသူ ဓမ္မစာရီလား၊ ဓမ္မကိုပစ်ပယ်ပြီး အဓမ္မကို ကျူးလွန်သူ အဓမ္မစာရီ
လားဟူသည်ကို သုံးသပ်အကဲဖြတ်ကြည့်နိုင်ရန် ရေးသားတင်ပြလိုက်ရပါသည်။

No comments