တိုင်းပြည်အကျိုးစီးပွားတိုးတက်ဖို့ မှန်ကန်စွာဆောင်ရွက်ကြပါစို့
အလင်းရောင်(ဘသန်း)
တင်သွင်းပစ္စည်းများအား
တန်ဖိုးသတ်မှတ်ရာတွင် စိတ်ကူးဖြင့်မှန်းဆခြင်း မဟုတ်ဘဲ
ကျိုးကြောင်းခိုင်လုံမှုရှိသော၊ မျှတသော၊ တစ်ပြေးညီဖြစ်သော၊ ဘက်မလိုက်သော၊
အမှန်တကယ် ကုန်သွယ်မှုကို ထင်ဟပ်စေသည့် တန်ဖိုးတစ်ခုဖြစ်ရန်လိုအပ်ပြီး အမှန်တကယ်
အရောင်းအဝယ် ဖြစ်သည့်တန်ဖိုးကို ဖြစ်နိုင်သမျှ အခြေခံဆောင်ရွက်ရမည် ဖြစ်ပါသည်။
တန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာ
အခြေခံနည်းလမ်းများအနေဖြင့် ရောင်းဝယ်မှုတန်ဖိုးနည်းလမ်း၊ ထပ်တူညီ ကုန်ပစ္စည်းများ၏
ရောင်းဝယ်မှုတန်ဖိုး၊ အလားတူကုန်ပစ္စည်းများ၏ ရောင်းဝယ်မှုတန်ဖိုး နည်းလမ်း၊
နုတ်ယူတွက်ချက်သည့်နည်းလမ်း၊ ပေါင်းထည့်တွက်ချက်သည့်နည်းလမ်း၊ နောက်ကြောင်းပြန် သုံးသပ်သည့်နည်းလမ်းဟူ၍
နည်းလမ်း ခြောက်မျိုးရှိပါသည်။
နည်းလမ်းခြောက်မျိုးအနက်မှ
ရောင်းဝယ်မှုတန်ဖိုးနည်းလမ်းအနေဖြင့် သွင်းကုန်ပစ္စည်းများ၏ အကောက်ခွန်တန်ဖိုး
(Customs Value) သည် ရောင်းဝယ်မှုတန်ဖိုး (Transaction Value) ဖြစ်ရပါမည်။
ဆိုလိုခြင်းမှာ ရောင်းဝယ်မှုတွင် စည်းကမ်းကန့်သတ်ချက်များနှင့် ကိုက်ညီပါက
ကုန်ပစ္စည်းများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ တင်ပို့ရန်အတွက်
ရောင်းချရာတွင် အမှန်တကယ်ပေးချေခဲ့သည့် (သို့မဟုတ်) ပေးချေရန်ရှိသည့် ဈေးနှုန်းကို
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အကောက်ခွန်နှင့် ကုန်သွယ်မှုဆိုင်ရာ အထွေထွေသဘောတူညီချက်ပါ
ပြဋ္ဌာန်းချက်နှင့်အညီ ညှိနှိုင်းတွက်ချက်ထားသော တန်ဖိုးဖြစ်သည်။
ရောင်းဝယ်မှုတန်ဖိုးနည်းလမ်း
အသုံးပြုရာတွင် လိုက်နာဆောင်ရွက်ရမည် ကန့်သတ်ချက်များအနေဖြင့် -
(က) ကုန်ဝယ်ယူသူမှ
ကုန်ပစ္စည်းများကို ထုခွဲရောင်းချခြင်း (သို့မဟုတ်) အသုံးချခြင်းတို့အတွက်
အောက်ပါကန့်သတ်ချက်များမှအပ မည်သည့်ကန့်သတ်ချက်မျှ မရှိစေရ-
(၁) တင်သွင်းရာနိုင်ငံ၏ဥပဒေ (သို့မဟုတ်)
အာဏာပိုင်အဖွဲ့အစည်းများက ပြဋ္ဌာန်းထားသော (သို့မဟုတ်) လိုအပ်ကြောင်း
တောင်းဆိုထားသော ကန့်သတ်ချက်များ၊
(၂) ကုန်ပစ္စည်းများကို
ပြန်လည်ရောင်းချရာ၌ နယ်မြေ အကျယ်အဝန်း ကန့်သတ်ချက်များ၊
(၃) ကုန်ပစ္စည်းများ တန်ဖိုးကို
သိသာစွာထိခိုက်မှုမရှိသော ကန့်သတ်ချက်များ။
( ခ ) ရောင်းချမှု (သို့မဟုတ်)
ဈေးနှုန်းသည် တန်ဖိုးဖြတ်နေသော ကုန်ပစ္စည်းများ၏ တန်ဖိုးကို ဆုံးဖြတ် သတ်မှတ်ခြင်း မပြုစေနိုင်သည့် စည်းကမ်းသတ်မှတ်ချက်
(သို့မဟုတ်) ထည့်သွင်းစဉ်းစားရမည့် အချက်အောက်တွင် မရှိစေရ၊
( ဂ ) ပြဋ္ဌာန်းချက်များအရ
သင့်လျော်သည့် ညှိနှိုင်းတွက်ချက်မှု တစ်ခုပြုလုပ်နိုင်ခြင်းမရှိပါက ကုန်ဝယ်ယူသူက
ကုန်ပစ္စည်းများကို ဝယ်ယူပြီးနောက်တစ်ဆင့် ပြန်လည်ရောင်းချခြင်း၊
စွန့်လွှတ်ခြင်းနှင့် အသုံးပြုခြင်း လုပ်ဆောင်ချက်များ၏ မည်သည့်အစိတ်အပိုင်းကမျှ
ရောင်းချသူသို့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ အကျိုးဖြစ်ထွန်းမှုမရှိစေရ၊
(ဃ) ဝယ်ယူသူနှင့်
ရောင်းချသူတို့သည် ပတ်သက်ဆက်နွှယ်မှုရှိသော ပုဂ္ဂိုလ်များ မဖြစ်စေရတို့ ဖြစ်သည်။
ညှိနှိုင်းတွက်ချက်ခြင်း အနေဖြင့်
အမှန်တကယ်ပေးချေခဲ့သည့် (သို့မဟုတ်) ပေးချေရန်ရှိသည့် ဈေးနှုန်းတွင်
အောက်ပါတို့ကို ပေါင်းထည့်တွက်ချက်ရမည်-
(က) ကုန်ပစ္စည်းများအတွက်
အမှန်တကယ်ပေးချေရန်ရှိသည့် ဈေးနှုန်းတွင် မပါဝင်သေးသော ကုန်ဝယ်ယူသူကြောင့်
ဖြစ်ပေါ်ခဲ့သည့် ကုန်ကျစရိတ်နှင့် အခကြေးငွေများအနေ ဖြင့်-
(၁) အဝယ်ကော်မရှင်များမှအပ
ကော်မရှင်များနှင့် ပွဲခ၊
(၂)
အကောက်ခွန်တန်ဖိုးသတ်မှတ်နေသည့် သက်ဆိုင်ရာ ကုန်ပစ္စည်းများနှင့်အတူပါရှိသော
ထည့်သွင်း ထုပ်ပိုးထားသည့် ထုပ်ပိုးပစ္စည်းများအတွက် ကုန်ကျစရိတ်များ၊
(၃) လုပ်အားအတွက်ဖြစ်စေ၊
ကုန်ကြမ်းအတွက်ဖြစ်စေ၊ ထုပ်ပိုးမှုနှင့်စပ်လျဉ်းသည့် ကုန်ကျစရိတ်။
( ခ ) ဝယ်ယူသူက အခမဲ့ (သို့မဟုတ်)
လျှော့ပေါ့ကုန်ကျစရိတ်ဖြင့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ပံ့ပိုးပေးပြီး
ယင်းတို့၏ တန်ဖိုးသည် အမှန်တကယ်ပေးချေသည့် (သို့မဟုတ်) ပေးချေရန်ရှိသည့် ဈေးနှုန်းတွင်
မပါဝင်သေးသော အောက်ပါ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ အချိုးကျတန်ဖိုးများ
ကို ပေါင်းထည့်တွက်ချက်ရပါမည်-
(၁) ကုန်ကြမ်းများ၊
ပေါင်းစပ်ပါဝင်သော အစိတ်အပိုင်းများနှင့် တင်သွင်းလာသောပစ္စည်းများတွင်
ပေါင်းစပ်ပါဝင်သော အခြားပစ္စည်းများ၊
(၂) ကိရိယာတန်ဆာပလာများ၊
သတ္တုပေါ်တွင်ထွင်းထားသည့် ရုပ်ပုံများ၊ ပုံစံသွန်းခွက်များနှင့် သွင်းကုန်ပစ္စည်းများကို
ထုတ်လုပ်မှုတွင် အသုံးပြုသည့် အလားတူပစ္စည်းများ၊
(၃) တင်သွင်းလာသောပစ္စည်းများ၏
ထုတ်လုပ်မှုတွင် အသုံးပြု၍ ကုန်ခန်းသွားသောကုန်ကြမ်းများ၊
(၄) ကုန်တင်သွင်းသော နိုင်ငံမှအပ
အခြားတွင်တာဝန်ခံ ဆောင်ရွက်သော စက်မှုလက်မှုလုပ်ငန်း တည်ဆောက်မှု၊ အနုပညာ၊
ဒီဇိုင်းလုပ်ငန်းပုံစံများနှင့် ပုံစံကြမ်းများ။
( ဂ ) တန်ဖိုးသတ်မှတ်နေသော
ပစ္စည်းများကိုရောင်းဝယ်မှုသဘောတူညီချက်တစ်ရပ်အရ ဝယ်ယူသူက တိုက်ရိုက် (သို့မဟုတ်)
သွယ်ဝိုက်၍ ပေးဆောင်ရသည့် မူပိုင်ခွင့်ဆိုင်ရာ အခကြေးငွေများနှင့်
အသုံးပြုခွင့်လိုင်စင်ကြေးများ၊
(ဃ) သွင်းကုန်ပစ္စည်းများကို
ပြန်လည်ရောင်းချခြင်း၊ ထုခွဲခြင်း (သို့မဟုတ်) အသုံးပြုခြင်းတို့ကို တင်ပို့ ရောင်းချခဲ့သူအား
အကျိုးအမြတ်ဖြစ်ထွန်းစေသည့်လုပ်ငန်းစဉ် အစိတ်အပိုင်း တစ်ခုခု၏ တန်ဖိုးတို့ဖြစ်သည်။
သွင်းကုန်ပစ္စည်းများ၏
အကောက်ခွန်တန်ဖိုးသည် ဆိပ်ကမ်းရောက်တန်ဖိုး (CIF) အား အခြေခံထားသောတန်ဖိုးဖြစ်ပြီး
ကုန်ကျ စရိတ်နှင့် အခကြေးငွေများအနေဖြင့် -
(က) သွင်းကုန်ပစ္စည်းများကို
တင်သွင်းရာဆိပ်ကမ်း (သို့မဟုတ်) နေရာသို့ သယ်ယူပို့ဆောင်ခြင်း အတွက်
ကုန်ကျစရိတ်များ၊
( ခ ) သွင်းကုန်ပစ္စည်းများကို တင်သွင်းရာဆိပ်ကမ်း (သို့မဟုတ်) နေရာသို့
သယ်ယူပို့ဆောင်ရာတွင် ကုန်ကျသည့် ကုန်တင်ခ၊ ကုန်ချခနှင့်
ထိန်းသိမ်းကိုင်တွယ်ဆောင်ရွက်ခများ၊
( ဂ ) အာမခံအတွက် ကုန်ကျစရိတ်များတို့ဖြစ်သည်။
ညှိနှိုင်းတွက်ချက်ရာတွင်
အမှန်တကယ်ပေးချေခဲ့သော (သို့မဟုတ်) ပေးချေရန်ရှိသောဈေးနှုန်းသို့
ပေါင်းထည့်မှုများအား ဓမ္မဓိဋ္ဌာန်ကျ၍ တိုင်းတာနိုင်သည့် အချက်အလက်များပေါ်တွင်သာ
အခြေခံရမည်ဖြစ်ပါသည်။ အထက်ပါအချက်များမှအပ အကောက်ခွန်တန်ဖိုးကို ဆုံးဖြတ် သတ်မှတ်ရာ၌
အမှန်တကယ်ပေးချေခဲ့သော (သို့မဟုတ်) ပေးချေရန်ရှိသောဈေးနှုန်းသို့ အခြား မည်သည့်
ပေါင်းထည့်မှုကိုမျှ မပြုရတို့ဖြစ်ပေသည်။
သို့ဖြစ်ပါ၍ အမှန်တကယ်
ကုန်သွယ်မှုကို ထင်ဟပ်စေသည့် တန်ဖိုးတစ်ခုဖြစ်စေရန် လိုအပ်ပြီး အမှန်တကယ်
အရောင်းအဝယ် ဖြစ်သည့်တန်ဖိုးကို ဖြစ်နိုင်သမျှ အခြေခံဆောင်ရွက်ရမည်ဖြစ်ကာ
တန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာ အခြေခံနည်းလမ်းများကို သိရှိနားလည်
သဘောပေါက်ခြင်းအားဖြင့် ပြည်တွင်း၊ ပြည်ပ ကုန်သွယ်မှုဆောင်ရွက် နေကြသည့်
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs)
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တင်သွင်း ပစ္စည်းများအား တန်ဖိုးသတ်မှတ်ရာတွင်
စိတ်ကူးဖြင့်မှန်းဆခြင်း မဟုတ်ဘဲ ကျိုးကြောင်းခိုင်လုံမှုရှိသော၊ မျှတသော၊ တစ်ပြေးညီ
ဖြစ်သော၊ ဘက်မလိုက်သော၊ အမှန်တကယ် ကုန်သွယ်မှုကိုထင်ဟပ် ပေါ်လွင်စေသည့်
တန်ဖိုးတစ်ခုသတ်မှတ်ပြီး တရားဝင်ကုန်သွယ်မှု လုပ်ငန်းများ၏ တစ်စိတ်တစ်ဒေသအဖြစ်
ပါဝင်ကူညီခြင်းအားဖြင့် တိုင်းပြည်အကျိုးစီးပွား တိုးတက်နိုင်စေရေးအတွက် တရားမဝင်
ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေကြောင်း
ရေးသားတင်ပြလိုက်ရပေသည်။

No comments