စဉ့်ကိုင်မြို့နယ်၌ ဆောင်းနှမ်းသီးနှံများ စတင်ထွက်ပေါ်
မန္တလေး ဖေဖော်ဝါရီ
၁၈
မန္တလေးတိုင်းဒေသကြီး
ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး
သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းသီးနှံကို တစ်နှစ်ပတ်လုံး
စိုက်ပျိုးကြကြောင်း၊ ကျောက်ဆည်ခရိုင်အတွင်း ဆောင်းနှမ်းစိုက်ပျိုးမှုအနေဖြင့် ၁၁၈၆၇
ဧက စိုက်ပျိုးထားရှိရာ စဉ့်ကိုင်မြို့နယ်တွင် ၁၀၈၈ ဧက စိုက်ပျိုးထားရှိကြောင်း၊ နှမ်းသီးနှံများကို
ဖေဖော်ဝါရီလ ပထမပတ်မှစတင်၍ ရိတ်သိမ်းလျက်ရှိပြီး စဉ့်ကိုင်မြို့နယ်တွင် ၁၀၀၅ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊
တစ်ဧကလျှင် ပျမ်းမျှ ၉-၁၀ တင်းခန့် ထွက်ရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်း
ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ဆောင်းနှမ်းကို
စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ခူးဆွတ်ရကြောင်း၊
မျိုးအနေဖြင့် နှမ်းဖြူမျိုးများကို ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊
လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၃၅၀၀၀၀ ခန့်ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့်
တောင်သူများက မြစ်သားမြို့နှင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်ရောင်းချကြပြီး
ပွဲရုံများမှတစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊
ယခုနှစ်တွင် နှမ်းဈေးနှုန်းများ ကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း
နှမ်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သတင်းရင်းမြစ်-
စီးပွား/ကူးသန်း

No comments