ကျောက်ဆည်ခရိုင်၌ ပဲတီစိမ်း(ဆောင်း)သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မန္တလေး ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်၍
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ
ပဲတီစိမ်းသီးနှံများကို ကျောက်ဆည်မြို့နယ်တွင် ဧက ၂၄၈၀၊ မြစ်သားမြို့နယ်တွင် ဧက ၁၂၉၀
စုစုပေါင်းစိုက်ဧက ၃၇၇၀ စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဆောင်းပဲတီစိမ်းသီးနှံများကို အောက်တိုဘာလနှင့်
နိုဝင်ဘာလများတွင် စိုက်ပျိုးကြ၍ မတ်လနှင့်ဧပြီလများတွင် ထွက်ပေါ်ကြောင်း၊ ကျောက်စိမ်းမျိုးနှင့်
ရေဆင်း-၁၁ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်
တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သုံးသိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၁၁-၁၂
တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများက ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့
တင်ပို့ရောင်းချကြပြီး ထိုမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊
ယခုအချိန်တွင် ပဲတီစိမ်းသီးနှံစိုက်ခင်းများမှာ အသီးအပွင့်များ ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ
သီးနှံထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်
ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲတီစိမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ
သိရသည်။
သတင်းရင်းမြစ်- စီးပွား/ ကူးသန်း

No comments