လိင်မှုဆိုင်ရာ ကျန်းမာရေးကောင်းမွန်စေရန် ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကာကွယ်ခြင်း





ဒေါက်တာထွန်းညွန့်ဦး

 

ယနေ့ခေတ်ကမ္ဘာကြီးတွင် ကပ်ရောဂါအသွင်ဖြစ်ပွားနေသည့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV/AIDS) နှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ (Sexually Transmitted Infections-STIs) များ ဖြစ်ပွားနေမှုသည် ၂၀၂၂ ခုနှစ်ကုန်အထိရရှိသော စာရင်းဇယားများအရ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV) ပိုး ကူးစက်ခံနေရသူသည် ကမ္ဘာတစ်ဝန်း၌ ၃၉ သန်းခန့်ရှိပြီး အရှေ့တောင် အာရှဒေသတစ်ခုတည်းတွင်ပင် ၃ ဒသမ ၉ သန်းခန့် HIV ပိုး ကူးစက်ခံနေရပါသည်။

 

လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ (STIs) များအနက် ပျောက်ကင်းအောင် ကုသနိုင်သည့် Syphilis, Gonorrhoea, Chlamydia နှင့် Trichomoniasis ကဲ့သို့သော ရောဂါလေးမျိုးသည်ပင် ယနေ့ထိတိုင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍအတွက် အဓိကစိန်ခေါ်မှုအဖြစ် ရှိနေဆဲပင်ဖြစ်ပေ သည်။ ၂၀၂၁ ခုနှစ်ကုန် စာရင်းဇယားများ အရ ကမ္ဘာတစ်ဝန်း ၁၅ - ၄၉ နှစ် အရွယ်ရှိသူများတွင် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါလေးမျိုး၏ အသစ်ကူးစက်ဖြစ်ပွားမှု (Incidence)သည် ၃၇၄ သန်းအထိရှိခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှ ဒေသတစ်ခုတည်းတွင်ပင် သန်း ၆၀အထိ ရှိနေကြောင်းနှင့် ကမ္ဘာတစ်ဝန်း၌ နေ့စဉ် လူတစ်သန်းခန့်အထိ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးအသစ် ကူးစက်ခံနေရကြောင်းကိုလည်း လေ့လာ သိရှိရပါသည်။

 

HIV ကူးစက်ခံရမှုနှုန်း

ခန့်မှန်းတွက်ချက်မှုများအရ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ၁၅-၄၉ နှစ်အရွယ် ရှိသူများအနက် HIV ကူးစက်ခံရမှုနှုန်းသည် သုည ဒသမ ၆၇ရာခိုင်နှုန်း ရှိပြီး HIV ပိုးရှိ ရှင်သန်သူမှာ ၂၈၃၀၀၀ ခန့်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၄ ခုနှစ် ကုန်အထိရရှိသော စာရင်းဇယားများအရ မြန်မာနိုင်ငံအတွင်း (HIV/AIDS) ရောဂါ သည် အားလုံး၏ ၇၆ ရာခိုင်နှုန်းကို Lifelong ART (အေအာရ်တီဆေး) ဖြင့် ကုသပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ HIV ပိုးရှိ ကိုယ်ဝန်ဆောင်မိခင်မှ မိမိရင်သွေးသို့ ရောဂါပိုးကူးစက်မှု ကာကွယ်ခြင်း (Prevention of Vertical Transmi-ssion-PMTCT) လုပ်ငန်းသည်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၈၅ ရာခိုင်နှုန်းအထိ လွှမ်းခြုံမှုပေးထား နိုင်ပြီဖြစ်ပါသည်။


 

မြန်မာနိုင်ငံတွင် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ပြည်သူ့ကျန်းမာရေး ပြဿနာ တစ်ရပ်အနေဖြင့် ကာကွယ်၊ ကုသရေးလုပ်ငန်းများကို စီမံချက်ထား ဆောင်ရွက်နေခြင်းကြောင့် ဦးတည်အုပ်စုများအကြား ကာလသားရောဂါ (Syphilis) ဖြစ်ပွားမှုနှုန်းသည် ၂၀၀၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း သိသာစွာ ကျဆင်းလာခဲ့သည်။

 

ရောဂါပိုးအသစ် ကူးစက်ခံရမှုနှင့် ဖြစ်ပွားမှုနှုန်း ကျဆင်းလာမှုတို့ တွင် “Biomedical, Structural နှင့် Behavioral Intervention များပါဝင်သည့် ပေါင်းစပ်ကာကွယ်ရေးအစီအစဉ် (Combination Prevention Progra-mme) သည် အရေးပါလှပါသည်။

 

အခြေခံကျ၊ ထိရောက်သည့်နည်းလမ်းများ

ရောဂါပိုးကူးစက်ရန် အန္တရာယ်ရှိသော လိင်ဆက်ဆံမှုအားလုံးတွင် ကွန်ဒုံးကို စနစ်တကျနှင့် မှန်ကန်စွာ အသုံးပြုခြင်း (Condom Promotion)နှင့် ရောဂါပိုးကူးစက်ရန် အန္တရာယ်ရှိသူများနှင့် လိင်ဆက်ဆံမှုမှ ရှောင်ကြဉ်ခြင်း (Abstinence) နည်းလမ်းများသည် HIV နှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရာတွင် အခြေခံကျ၊ ထိရောက်သည့် နည်းလမ်းများဖြစ်ပါသည်။

 


မိမိအခြေအနေကို သိရှိအောင် စမ်းသပ်စစ်ဆေးခြင်း (Know Your Status) အတွက် ရွေးချယ်စရာနည်းလမ်းများဖြစ်သော မိမိအနေဖြင့် ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ ဆေးခန်း (NAP Clinic) နှင့် ပြည်သူ့ဆေးရုံ၊ လူထုအခြေပြုကွင်းဆင်း စစ်ဆေးပေးသည့်နေရာ (Community-based Clinic) များတွင် စမ်းသပ်စစ်ဆေးခြင်း၊ ရောဂါပိုးကူးစက်ရန် အန္တရာယ်ရှိသည့် “အညွှန်းခံရသူ”ကို ရှာဖွေစစ်ဆေးခြင်း (Index case testing)နှင့် မိမိကိုယ်တိုင် လျှို့ဝှက်စွာ စမ်းသပ်စစ်ဆေးခြင်း (Self-testing) စသည့် နည်းလမ်း များအနက် မိမိနှစ်သက်သည့်နည်းလမ်း ကို ရွေးချယ်နိုင်ပါသည်။

 

ကွင်းဆက်ယူကာ ဆက်လက်စမ်းသပ်စစ်ဆေး

ရောဂါပိုးကူးစက်ရန် အန္တရာယ်ရှိ သည့် “အညွှန်းခံရသူ” ကို ရှာဖွေစစ်ဆေးခြင်း (Index case testing) ဆိုသည်မှာ ရောဂါပိုးကူးစက်ရန် အန္တရာယ်ရှိသည့် “အညွှန်းခံရသူ” ကို ရှာဖွေစစ်ဆေးပြီး ရောဂါပိုး တွေ့ပါက ထိုသူနှင့်ဆက်စပ် နှီးနွှယ်ထားသူများ (ဥပမာ- လိင်ဆက်ဆံဖော်၊ သား၊ သမီးနှင့် မူးယစ်ဆေးအကြော ထဲထိုးသွင်းသူ) ဖြစ်ပါက ဆေးထိုးအပ်မျှဝေသုံးစွဲသူစသည်ဖြင့် ကွင်းဆက်ယူကာ ဆက်လက်စမ်းသပ် စစ်ဆေးသွားသည့် နည်းလမ်းပင်ဖြစ်ပါသည်။ ဤကဲ့သို့ စစ်ဆေးရာတွင် စမ်းသပ်စစ်ဆေးခံသူ၏ လျှို့ဝှက်ချက်ကို သေချာစွာစောင့်ထိန်းရမည်ဖြစ်ပြီး အကယ်၍ ရောဂါပိုးစစ်ဆေး တွေ့ရှိပါကလည်း ညွှန်းပို့ပေးခြင်းကို ဆက်လက်ဆောင်ရွက်သွားရပါမည်။

 

ကိုယ်တိုင်နမူနာယူခြင်း (Self-sampling) နည်းလမ်းသည် မိမိတွင် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါ ပိုးကူးစက်ခံရခြင်း ရှိ၊ မရှိ အခြေအနေကို သိရှိရန်အတွက် များစွာအဆင်ပြေပြီး ကိုယ်ရေး ကိုယ်တာကိုလည်း ထိန်းသိမ်းနိုင်သည့် နည်းလမ်းဖြစ်ပါသည်။ ဤ နည်းလမ်းဖြင့် အချိန်မီဆောလျင်စွာ ကုသမှုခံယူနိုင်ပြီး ကူးစက်မှုအန္တရာယ် ကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါသည်။

 

အောက်ဖော်ပြပါပုံများတွင် ပြသ ထားသည့်အတိုင်း အာခံတွင်း၊ မိန်းမ ကိုယ်၊ စအို စသည့်နေရာများမှ (Self-sampling) နမူနာယူနိုင်မည်ဖြစ်ပါသည်။


 

ကုသမှုဖြင့် ကာကွယ်ခြင်း (Treatment as Prevention) နည်းလမ်းသည် အလွန်ထိရောက်သော မဟာ ဗျူဟာတစ်ခုပင်ဖြစ်ပါသည်။ Lifelong ART (အေအာရ်တီဆေး) ကို စနစ်တကျ ပုံမှန်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ် အတွင်း HIV ဗိုင်းရပ်စ်ကို ပုံမှန်စမ်းသပ်စစ်ဆေးခြင်းနည်းလမ်းဖြင့် ရှာဖွေမတွေ့နိုင်သည့်အဆင့် (Undetectable Level) အထိ လျှော့ချနိုင်ပြီး ၎င်းအခြေအနေသို့ ရောက်ရှိပါက အခြားသူတစ်ဦးသို့ ထပ်မံမကူးစက်နိုင်သည့် အဆင့် (Un-trans-mittable Level) အထိ ရောက်ရှိသွားစေမည်ဖြစ်ပါသည်။ ယင်းအခြေအနေကို နိုင်ငံတကာတွင် “U=U” ဟုခေါ်ဆိုသုံးနှုန်း ပါသည်။

 

မိမိနှင့် မိမိ၏ လိင်ဆက်ဆံဖော်တွင် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါ (STIs) ရှိနေပါက ပျောက်ကင်းသည်အထိ ထိထိရောက်ရောက် ကုသမှုခံယူခြင်းဖြင့် ရောဂါပြန်လည်ကူးစက်မှု (Reinfection) နှင့် အခြားသူများကို ထမ်မံကူးစက်ခြင်းစသည်တို့ကို ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။

 

၂၀၀၀ ပြည့်နှစ်ခန့်တွင် မြန်မာနိုင်ငံ၌ စတင်ခဲ့သော မိခင်မှကလေးသို့ HIV ရောဂါပိုး ကူးစက်မှု ကာကွယ်ခြင်း (Pre-vention of Vertical Transmission-PMTCT) စီမံချက်သည် ကိုယ်ဝန်ဆောင် မိခင်များအတွက် မိမိရင်သွေးကို ရောဂါပိုးကူးစက်မှုမှ ကာကွယ်ရန်အထိရောက်ဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်မှ HIV နှင့် Syphilis ရောဂါ နှစ်မျိုးလုံးကို တစ်ပြိုင်နက် စမ်းသပ်စစ်ဆေးပေးနိုင်သည့် Dual Test kit များကို ဝယ်ယူ ဖြန့်ဖြူးထားရှိပါသည်။

 

ကျန်းမာရေးဝန်ကြီးဌာနသည် မိခင်မှကလေးသို့ HIV နှင့် Syphilis ရောဂါ နှစ်မျိုးလုံး ကူးစက်ခံရမှု ကင်းစင်ပပျောက်သည်အထိ (Dual elimination of mother to child transmission of HIV and Syphilis) ဆောင်ရွက်သွားရန်နှင့် ဖြစ်နိုင်လျှင် အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရမှုကိုပါ ကင်းစင် ပပျောက်အောင် ပေါင်းစပ်ဆောင်ရွက်ရန် (Triple elimination) ရည်ရွယ်ချက်ထိထားရှိပြီး ကြိုးပမ်းသွားမည်ဖြစ်ပါ သည်။ ဤအစီအစဉ်တွင် ကိုယ်ဝန်ဆောင် မိခင်သာမက ဇနီးမောင်နှံစမ်းသပ် စစ်ဆေးကုသခြင်း (Spouse testing)သည် အရေးကြီးသော အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်နေပါသည်။


ထိရောက်သော ကာကွယ်ရေးမဟာဗျူဟာတစ်ခု

ရောဂါပိုးကူးစက်မခံရမီ ကြိုတင် ကာကွယ်ခြင်း (Pre-exposure Prophylaxis- PrEP) နည်းလမ်းသည် ထိရောက်သော ကာကွယ်ရေးမဟာ ဗျူဟာတစ်ခုပင် ဖြစ်ပါသည်။ ဤနည်းလမ်းအတွက် သောက်ဆေး (Oral PrEP)အပြင် အမျိုးသမီးများအတွက် Dipivirine ARV ပါဝင်သည့် Vaginal ring ကို အမျိုးသမီးကိုယ်တွင်းထည့်သွင်းပြီး တစ်လတစ်ကြိမ်လဲလှယ်ပေးသည့် နည်းလမ်းသည် ရောဂါပိုး ကူးစက်ရန် အန္တရာယ်များသော အခြေအနေများရှိသည့် အမျိုးသမီးများအတွက် ရွေးချယ် စရာများထဲမှ တစ်ခုပင်ဖြစ်ပါသည်။

 

Cabotegravir ကဲ့သို့ Long-acting injectable ARV ထိုးဆေးများသည်လည်း နိုင်ငံတကာ စျေးကွက်ထဲတွင် စတင်မိတ်ဆက်လာနေပြီဖြစ်ပါသည်။ အစောပိုင်းကာလ ဆေးဘက်ဆိုင်ရာ သုတေသန ပြုချက် (Clinical trials) များအရ ၎င်း Cabotegravir ထိုးဆေးကို နှစ်လတစ်ကြိမ် ပုံမှန်ထိုးပါက HIV ပိုးကူးစက်ခံရမှုကို ၉၉ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်းနှင့် စျေးနှုန်းကြီးမြင့်မှုကြောင့် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲရန် အခက်အခဲရှိနေသေးကြောင်း လေ့လာတွေ့ရှိရပါသည်။

 

ရောဂါပိုးကူးစက်ရန် အန္တရာယ်များသောသူနှင့်အတူနေပြီးနောက် ကာကွယ်ဆေးသောက်သုံးခြင်း (Post -exposure prophylaxis- PEP) သည် အန္တရာယ်ရှိသော အခြေအနေများတွင် HIV နှင့် အခြားသော လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို အချိန်မီကာကွယ်နိုင်ရန်အတွက် အရေးပါသော နည်းလမ်း တစ်ခုပင်ဖြစ်ပါသည်။ PEP ကို ဖြစ်နိုင် သမျှ မြန်မြန်၊ အထူးသဖြင့် အန္တရာယ် ရှိသော အခြေအနေမှ ၇၂ နာရီအတွင်း စတင်သောက်သုံးရန် အရေးကြီးပါသည်။

 

ဆေးထိုးအပ်/ ဆေးထိုးပြွန်များကို မျှဝေသုံးစွဲမှုမပြုခြင်းသည်လည်း ထိရောက်သော ကာကွယ်ရေး နည်းလမ်း တစ်ခုပင်ဖြစ်ပါသည်။ ဆေးထိုးရန်လိုအပ်ပါက သန့်ရှင်းသော တစ်ခါသုံးဆေးထိုးအပ် အသစ်များကိုသာ အသုံးပြုခြင်းဖြင့် ဆေးထိုးသုံးစွဲမှုမှတစ်ဆင့် HIV ပိုး ကူးစက်မှုကို ကာကွယ်နိုင်ပါသည်။ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေသော Needle Syringe Programme- NSP သည် Safe inj-ecting practice အတွက် ပံ့ပိုးပေးရာတွင် အရေးကြီး‌သော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

 

မူးယစ်ဆေးဝါး အကြောတွင်းသို့ ထိုးသွင်းသုံးစွဲမှုကို ရှောင်ကြဉ်ခြင်းသည် ဆေးထိုးသုံးစွဲမှုမှတစ်ဆင့် HIV ပိုး ကူးစက်မှုကို ၁၀၀ ရာခိုင်နှုန်းကာကွယ်နိုင်သော နည်းလမ်းဖြစ်ပါသည်။ မူးယစ်ဆေး အလွဲသုံးစွဲမှု နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ (Substance use disorder) များနှင့် ပတ်သက်ပြီး အကြံဉာဏ်နှင့် ပံ့ပိုးကူညီမှုပေးသည့် ဝန်ဆောင်မှုများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းဆေးခန်းများတွင် ရရှိနိုင်ပါသည်။

 

မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် HIV နှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများနှင့် ပတ်သက်ပြီး အသိပညာမြှင့်တင်ပေး ခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ကာကွယ်မှုနှင့် ကုသမှုပေးခြင်းစသည့် ရွေးချယ်စရာ နည်းလမ်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဤနည်းလမ်း များကို ပြည်သူလူထု တစ်ဦးချင်း/ တစ်ယောက်ချင်းစီအထိ ရောက်ရှိစေအောင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

HIV/ AIDS ကာကွယ်၊ ကုသရေး ဆိုင်ရာ သုတေသနဆောင်ရွက်မှုများ အနေဖြင့် ART ကုထုံးများကို တိုးတက် ကောင်းမွန်စေရန်၊ ကာကွယ်ဆေး (HIV Vaccines) များ တီထွင်ရန်နှင့် မျိုးရိုး ဗီဇပြုပြင်ခြင်း (Gene editing) ကဲ့သို့ နည်းပညာအသစ်များကို စူးစမ်းရှာဖွေ လျက်ရှိပါသည်။ မျိုးရိုးဗီဇပြောင်းလဲမှု (CCR5-delta 32 Gene mutation) ရှိပြီး သား အလှူရှင်ထံမှ ပင်မဆဲလ်အစားထိုး ကုသမှု (Stem cell transplant) ခံယူ ခြင်းမှ မမျှော်လင့်ဘဲ HIV (ယာယီ)ရောဂါ ပျောက်ကင်းမှု (Long-term HIV remission) ရသွားသည့် “ဘာလင်” လူနာ (Berlin Patient- Timothy Ray Brown) နှင့် “လန်ဒန်” လူနာ (London Patient- Adam Castillejo) တို့သည် ဆောင်ရွက်ဆဲ ဆေးဘက်ဆိုင်ရာ သုတေသန လုပ်ငန်းများအတွက် တွန်းအားဖြစ်စေပါသည်။

 

မြန်မာနိုင်ငံတွင် လိင်မှုဆိုင်ရာ ကျန်းမာရေး ထိန်းသိမ်းနိုင်ရန်အတွက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV/AIDS) နှင့် အခြားလိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ(STIs)များ၏ ဖြစ်ပွားနေမှု၊ ကာကွယ်တားဆီးနိုင်သည့်နည်းလမ်းများ၊ တိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာများအကြောင်းကို မျှဝေပေးရန် ရည်ရွယ် ၍ ရေးသားလိုက်ရပါသည်။

 

ကိုးကား-

၂၂-၁-၂၀၂၅ ရက်နေ့တွင် ကျင်းပသော (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ၊ ကျန်းမာရေးပြဿနာဖြစ်စေနိုင် သည့်အချက်အလက်များ ဖော်ထုတ်ခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော လူမှုဘဝမြှင့်တင်စေရန်ဆောင်ရွက်ခြင်း ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲမှ “လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများနှင့် HIV ရောဂါကို ကာကွယ်ခြင်းဖြင့် ကျန်းမာရေးကိုထိန်းသိမ်းခြင်း”

 

No comments

Powered by Blogger.