ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဂုဏ်ဆောင် တိုင်းရင်းသားစကားပုံများ
မောင်ငြိမ်းသူ(ကြို့ပင်ကောက်)
၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်
(၅) ရပ် ချမှတ်ထားရာတွင် အဓိကအနှစ်ချုပ်မှာ “ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး”
ဖြစ်သည်။ နိုင်ငံနှင့်လူမျိုးအတွက် အလေးအနက်ထားကြရမည့် ဦးတည်ချက်များဖြစ်သည်။
“ဒို့တာဝန်အရေးသုံးပါး” ကို
ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအားလုံး၏ နှလုံးသားတွင် သားအစဉ်၊ မြေးအဆက်၊
မြစ်အညွန့် အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲစွာ ချမှတ်ထားကြရမည့် ဦးတည်ချက်များလည်းဖြစ်သည်။
တိုင်းရင်းသားအားလုံး
စည်းလုံးညီညွတ်ကြပါမှ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရလဒ်ကို
ရရှိခံစားနိုင်ကြမည်ဖြစ်ရာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလှုပ်ရှားနေကြပါသည်။
နည်းလမ်းပေါင်း များစွာထဲတွင် လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကိုလည်း
အပြန်အလှန် လေးစားလိုက်နာကြရန် လိုအပ်လှပါသည်။
နိုင်ငံတော်အတွင်း နေထိုင်ကြသော
တိုင်းရင်းသားအားလုံးတွင် ရှေးအစဉ်အလာ ထုံးတမ်းများစွာ ကို
နောင်မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းဝေမျှပေးနေသည့် သြဝါဒပြောဆိုဆုံးမစာပေါင်း
မြောက်မြားစွာရှိနေပါသည်။ ဩဝါဒပြောဆို ဆုံးမစာများစွာထဲတွင် မြန်မာစကားပုံများရှိ
သကဲ့သို့ တိုင်းရင်းသားစကားပုံများလည်းရှိပါသည်။
“မြန်မာအဘိဓာန်” တွင် “စကားပုံ”
နှင့် ပတ်သက်၍ “လူအများ ဆင်ခြင်မှတ်သားဖွယ်ဖြစ် အောင် စံပြုပုံခိုင်း၊
ပြောဆိုလေ့ရှိသော ထိရောက် ကျစ်လျစ်ပြေပြစ်သည့်စကား” ဟု အဓိပ္ပာယ်ဖွင့်ဆို
ထားပါသည်။ “ဆင်ခြင်”နှင့်ပတ်သက်၍ “ချင့်ချိန်သည်၊ စဉ်းစားသည်၊ သုံးသပ်သည်” ဟူ၍
လည်းကောင်း၊ “ဆင်ခြင်တုံတရား” ဆိုသည်မှာ “သင့်မသင့် အကြိမ်ကြိမ်
စဉ်းစားဆင်ခြင်မှု” ဟူ၍ လည်းကောင်း ဖွင့်ဆိုထားပါသည်။
တိုင်းရင်းသားစကားပုံ
မြောက်မြားစွာထဲတွင် နားဝင်ချိုပြီး နှစ်လိုမြတ်နိုးဖွယ်ရာစကားပုံများ ရှိပါသည်။
သို့သော် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးကိုထိပါးစေသော အယူအဆများ၊ အဓိပ္ပာယ်
ဖွင့်ဆိုချက်များဖြင့် ဟိတ်ဟန်ထုတ် လိမ်ညာဖြီးဖြန်းနေကြသောကြောင့် အမှားကြာလျှင်
အမှန်ထင် မဖြစ်ကြစေရေးအတွက် အလေးအနက်ထားကာ သုံးနှုန်းပြောဆိုကြစေချင်ပါသည်။ မှန်ကန်သည့်
အဓိပ္ပာယ်ဖွင့်ဆိုချက်များဖြင့် ယုတ္တိရှိရှိ ရှင်းလင်းပြောဆို
သုံးနှုန်းကြစေလိုပါသည်။ သာဓကအချို့ကို မျှဝေပေးလိုပါသည်။
“ရှမ်းရိုးလင်ကိုး” ဟူသောစကားပုံကို
လင်ကိုးယောက်ယူနိုင်သည်ဟု လွဲမှားစွာယူဆ ပြောဆို နေကြသည်။ အမှန်မှာ
ရှမ်းတိုင်းရင်းသား လူမျိုး ရိုးရာယဉ်ကျေးမှုအရ အိမ်ဦးသခင်၊ လင်ယောက်ျားကို
အစဉ်ထာဝရ သစ္စာရှိရှိ ရိုးမြေကျပေါင်းသင်းကြပြီး အားကိုးတကြီးချီးမြှင့်ဂုဏ်ပြု
တန်ဖိုးထား လေးစားနေကြခြင်းကို တင်စားထားသည့် စကားပုံဖြစ်သည်။ ဗမာစကားပုံဖြစ်သော
“သားကိုသခင် လင်ကိုဘုရား” နှင့် တစ်သဘော တည်းပင်ဖြစ်သည်။ နှစ်သက်မြတ်နိုးဖွယ်ကောင်းလှပါသည်။
ထိုနည်းတူ “ရှမ်းရှင်ပြု
အလွယ်ကလေး” ဟူသော စကားပုံကိုလည်း လွဲမှားစွာယူဆနေကြသည်။ အမှန်မှာ
ရှမ်းကျေးရွာအလှူပွဲတစ်ပွဲမှာ ရှင်လောင်းလှည့်ကြရာတွင် အိုးစည်အတီးကောင်း သေ
ဗမာတစ်ဦးကို ရှမ်းအိုးစည်ရှည်ကြီးပေးအပ်ပြီး တီးခတ်စေခဲ့သည်။ ဗမာကလည်း
ရှမ်းအိုးစည် ရှည်ကြီးကို လည်ပင်းတွင်လွယ်ကာ လိမ်ဖယ်ဖယ်တီး၍ လိုက်ပါလာခဲ့သည်။
ကြာတော့ လေးလံ ရှည်လျားလှသော ရှမ်းအိုးစည်ကြီးကြောင့် ချွေးဒီးဒီးကျ
စိတ်ပျက်လာသည်။ ပင်ပန်းနွမ်းလျ လာသည်။ ရှင်လောင်းလှည့်ပွဲကလည်း ပြီးလုပြီးလုနှင့်
လက်စမသတ်၊ မရပ်မနားပေ။ ထို့ကြောင့် အိုးစည်ကြီးတစ်လုံးကို ခါးကုန်းအောင်လွယ်ပြီး
တီးခတ်လိုက်ပါလာသော ဗမာယောက်ျားအိုးစည် သမားက ချွေးများကိုသုတ်ရင်း “ခင်ဗျားတို့
ရှမ်းရှင်ပြုအလှူမှာ အိုးစည်တီးသူဟာ အိုးစည်လွယ် ရတာ အလွန်လေးလှသဗျာ” ဟုပြောကာ
အိုးစည် ကြီးကိုပြန်ပေးပြီး နေအိမ်သို့ ပြန်ပြေးလေသည်။ ဤသို့ဖြင့် “ရှမ်းရှင်ပြု
အိုးစည်လွယ်ရလေးသည်” ဟု ပြောဆိုလာခဲ့ကြရာမှ “ရှမ်းရှင်ပြုအလွယ်လေး” ဟု
ပြောစမှတ်ပြုလာကြခြင်းဖြစ်ပါသည်။
“မြေပွေးနှင့် ရခိုင်ကိုတွေ့ရင်
ရခိုင်ကို အရင်သတ်” ဟူသော စကားပုံကိုလည်း လွဲမှားစွာ ယူဆနေကြပါသည်။ အမှန်မှာ
မြွေဆိပ်ဖြေဆေး၊ မြွေဆိပ်မပြန့်ပွားရေးအတွက် ရခိုင်ငှက်ပျောပင်ကို ဖြတ်၊
ငှက်ပျောမြစ်၊ ငှက်ပျောပင်မှထွက်လာသော ငှက်ပျောစေးကို အသုံးပြုခြင်း ဖြစ်သည်။
တိုင်းရင်း ဆေးသုံးစကားဟု သိရပါသည်။ အမှားကြာလျှင် အမှန်ထင်တတ်ကြသဖြင့်
သတိထားကြရပါမည်။
ထို့ကြောင့်
“အမျိုးသားစည်းလုံးညီညွတ်ရေး” တစ်နည်းအားဖြင့် “တိုင်းရင်းသားစည်းလုံးညီညွတ်
ရေးနှင့် ငြိမ်းချမ်းရေး” အတွက် အလေးအနက်ထား ကြရမည့် တိုင်းရင်းသားစကားပုံများကို
ကျွန်တော် သတိရသွားပါသည်။ ထို့ကြောင့် ကျွန်တော်အမြတ်တနိုး မှတ်သားထားသော
တိုင်းရင်းသား စကားပုံအချို့ကို မျှဝေပေးလိုပါသည်။
ကချင် (ဂျိန်းဖော)
“ညီအစ်ကိုများကို စွန့်ပစ်ရန်
ချောက်ကမ်းပါး မရှိ။ ဖက်နွမ်းခြောက်များကို စွန့်ပစ်ရန် ချောက်ရှိ သည်” (ဗမာ)
“တောင်းစုတ်ပလုံးစုတ်သာ ပစ်ရိုးရှိသည်။ သားဆိုး သမီးဆိုးကို ပစ်ရိုးထုံးစံမရှိ”
“သံပူညှပ်နှင့် ကိုင်လျှင်မပူ၊ မပြုတ်နိုင်။ အများလက် နှင့် ဝိုင်းကိုင်လိုက်လျှင်
မညွတ်နိုင်။ စုပေါင်းလုပ်လျှင် အမြန်အောင်မြင်ပြီးစီးနိုင်တယ်” (ဗမာ) “စုပေါင်း
ညီညာ အောင်ကြောင်းဖြာ”၊ “စည်းလုံးခြင်းသည် အင်အား”၊ “တစ်ယောက်ကောင်းက တစ်သောင်း
ဗိုလ်ခြေ၊ ညက်ညက်ကြေ”
ကယား
“စကားဖြောင့်လျှင် အပြီးလျင်သည်။
ရေမြောင်းဖြောင့်လျှင် အစီးတွင်သည်”၊ “မသွားဖူးသည့်လမ်းကို ခေါ်တိုင်း
မလိုက်နှင့်။ မစားဖူးသည့် အစားကိုကျွေးတိုင်း မစားနှင့်။ ဧည့်သည်က အိမ်ရှင်ကို နိုင်တတ်တယ်”
(ဗမာ) “အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်”
ကရင်
“ကိုယ်ကကြောက်လျှင် ရန်သူကလည်းကြောက်”၊
“ငှက်အဖြူဆိုလျှင် အဖြူအုပ်စုမှာပျံ၊ ငှက်အမည်းဆိုလျှင် အမည်းအုပ်စုမှာပျံ”၊
“အလုပ် မလုပ်တတ်လျှင် ညီအစ်ကိုပင် ရန်သူဖြစ်နိုင်သည်”၊ “တစ်ဖက်ကသန်နေလျှင်
တစ်ဖက်ကလျှော့ပေး နှစ်ဖက်စလုံးသန်နေလျှင်ကား ထမင်းအိုးကွဲလိမ့် မည်” (ဗမာ)၊
“ရန်ကိုရန်ချင်း မတုံ့လျှင်းနှင့်”၊ “ရန်စ ကို တိုစေ၊ ချစ်စကို ရှည်စေ”၊
“ပါးကိုက်နားကိုက်” “အတူတူလုပ်က အလုပ်တွင်” “အတူတူစားလျှင် မြိန်ရှက်သည်။
အတူတူအိပ်လျှင် နွေးသည်” ဟူ၍ ဖြစ်သည်။ “ဤတိုင်းပြည်မှာနေလျှင် ဤတိုင်းပြည်
ကိုပြုစုပါ” “ဤကျောက်ဆောင်ထဲမှ ဖားကိုစားလျှင် ဤကျောက်ဆောင်ကိုပြုစုပါ၊ ဤရေအိုင်ထဲမှ
ငါးကိုစားလျှင် ဤရေအိုင်ကိုပြုစုပါ” (ဗမာ) “မျောက်သားစားချင် မျောက်မျက်နှာကြည့်”၊
“အရိပ်နေနေ အခက်ချိုးချိုး”
ချင်း
“ကိုယ့်မျိုးစေ့ကို
ကိုယ်ရိုသေရမည်”၊ “ကြက် အမျိုးပျောက်ခါနီးလျှင် တစ်ကောင်နှင့် တစ်ကောင်
ဆိတ်ကြတယ်”၊ (ဗမာ) အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်”၊ “ကျီးတစ်ကောင်အတွက်
ကျီးများပျက်”။
“နွားနောက်အဖြူအချင်းချင်း
အမည်းအချင်း ချင်း ခင်ကြတယ်”
“ဒါခြေ၊ ဒါပခုံး
အချင်းချင်းရန်မဖြစ်သင့်၊ ညီအစ်ကိုများဖြစ်တယ်”
“လင်မယားညီညွတ်လျှင် ရွာတစ်ရွာက
မတိုက်နိုင်။ ရွာတစ်ရွာညီညွတ်လျှင် ရွာကိုးရွာက မတိုက်နိုင်” (ဗမာ) “ကျွန်းကိုင်းမှီ၊
ကိုင်းကျွန်းမှီ” “ညီညွတ်ခြင်းသည် စွမ်းအား”၊ “တစ်ယောက်ကောင်းက တစ်သောင်းပြို”
ဓနု/ တောင်ရိုး
“ယာနီးချင်းဆွေမျိုးရင်း”
“ကျီးလိုဝိုင်းကူညီပြီး ကြက်သွန်ဖြူလိုစုစည်း”
“စု၍စားလျှင် ပျော်သည်။
စု၍လုပ်လျှင် ပြီးသည်။ စု၍လှူလျှင် အကျိုးများသည်”
“ရေရွေးလျှင် သောက်ရန်မရှိ။
မြေရွေးလျှင် နေစရာမရှိ”၊ “မနေတတ်လျှင် နေစရာအိမ်ကျဉ်းမည်” (ဗမာ) “ခင်ရာဆွေမျိုး”၊
“အိမ်နီးချင်းကောင်းမှ လင်ကောင်းရ”၊ “ကောင်းတာလုပ် ရက်ရာဇာ၊ မကောင်းတာလုပ် ပြဿဒါး”
ပလောင်
“မိန်းမသွား ပလိုင်းပါစေ၊
ယောက်ျားသွား ဓားပါစေ”
“အဖေမှန်းအမေမှန်း မသိသောသူသည်
အမြီးပေါက်သော ခွေးနှင့်မခြား”
ပအိုဝ်း
“ရွာညီလျှင် ကျားမဝင်နိုင်”၊
“အားလုံးညီလျှင် ရွာလုံတယ်” (ဗမာ) “နွားကွဲ ကျားဆွဲ/ ကျားကိုက်” “စည်းလုံးခြင်းသည်
အင်အား”
မရူ
“သူကြီးမလိမ်မာ ရွာပျက်၊
မြင်းမလိမ္မာ ကြိုးပြတ်”၊ “ကြက်ကအိပ်ပေမယ့် တောကြောင်က မအိပ်ဘူး”၊ “ဘယ်ရွာမှာနေနေ
နေတဲ့ရွာကနှီးနဲ့ပဲ ချည်ရမယ်” (ဗမာ) “ခေါင်က မိုးမလုံ၊ တံစက်မြိတ် ရေယို”
မွန်
“တစ်လှေတည်းစီး၊
တစ်သီချင်းတည်းဆို၊ တစ်ခွက်တည်းသောက်”၊ “ကိုယ့်ပေါင်သူများကို လှန်မပြနှင့်”
“မျက်ခုံးမွေးလည်းမရိတ်နှင့်၊ မင်းအမိန့်လည်းမဖီဆန်နှင့်” (ဗမာ) “တစ်လှေ တည်းစီး၊
တစ်ခရီးတည်းသွား”
ရခိုင်
“ဝါးကွဲကေ၊ ရီဝင်ရေ”
“မျက်ဖြူဆိုက်လီ၊ ဆရာ ကြိုက်လီ”၊ “ဖိတ်ချင်းဖိတ် ကိုယ့်အိမ်မှာ ဖိတ်ကြရန်”
ရဝမ်
“ခွေးဟောင်၍တောင်မရွေ့”၊
“ရန်သူ့လက်ဆောင်သည် အလွန်ကြောက်မက်ဖွယ်ကောင်း၏”
ရှမ်း
“တစ်မူးရလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ
တူနိုင်ရိုးလား”၊ “နွားကွဲလျှင် အမဲသားဖြစ်”၊ “အဝေး မှာရှိသောရေသည်
ခြောက်သွေ့သောယာမြေကို မစွတ်စိုနိုင်”၊ “အချောင်း ၁ဝဝ ရှိတဲ့မြား လူအများ
မချိုးနိုင်”၊ “သူများကိုယုံမယ့်အစား အယားပျောက် တဲ့ ကိုယ့်တံတွေးကိုယုံပါ” (ဗမာ)
“ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
လရှီ
“သားကောင်းသည် မိခင်မှ၊
အသီးကောင်းသည် အမြစ်မှ”၊ “တောင်ကိုတန်ဆာဆင်သည်မှာ သစ်ပင်များ၊
ချောင်းကိုတန်ဆာဆင်သည်မှာ ချောက်ကမ်းပါး”
လီဆူ
“ဝယ်စားသူက ကျွန်၊ လုပ်စားသူက
သခင်”
လူရှေ (လူရှည်)
“ကျောက်ဆောင်ကြီးပင် ဖြစ်လင့်ကစား
ကျောက်စရစ်ခဲလေးတွေနဲ့ မခုခံရင် မတည်နိုင်” “အိမ်နီးချင်းကိုရန်ပြုခြင်းထက် အခြား
ခုနစ်ရွာကို စစ်တိုက်တာက သက်သာတယ်”
အင်းသား အင်းလေး
“ပန်းလည်းလှစေ၊ ပျားလည်းဝစေ”
(ဗမာ) “ပျားလည်းစွဲသာ
ရှဉ့်လည်းလျှောက်သာ”
ဖော်ပြပါစကားပုံများသည်
တိုင်းရင်းသား လူမျိုးများ၏ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး စိတ်ဓာတ်ကို
ထင်ဟပ်ပုံဖော်ထားသော စကားပုံများ ဖြစ်ပါသည်။
တိုင်းရင်းသားအချင်းချင်း
တစ်ဦးနှင့်တစ်ဦး နားလည်မှုရနိုင်ပြီး လိမ္မာယဉ်ကျေး ပညာဗဟုသုတ ရစေသော
စကားပုံများအပါအဝင် တိုင်းရင်းသား စာပေများကို ဒေသခံတိုင်းရင်းသားလူမျိုးစုများနှင့်
ညှိနှိုင်းပြုစုရေးသားကြပါက သမိုင်းမှတ်တမ်း ကောင်းများ
ရေးထိုးနိုင်မည်ဖြစ်ပါကြောင်း။ ။
ကျမ်းကိုး
ရွှေဥဩ၏ “မြန်မာစကားပုံ၊
မြန်မာဆိုရိုးစကား”
နေ့စဉ်ထုတ်သတင်းစာများထဲမှ မှတ်စု
ကျောင်းသုံး ဆဋ္ဌမတန်းမြန်မာဖတ်စာ

No comments